ဧရာဝတီတိုင်း၊ မြောင်းမြမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ကို အာဏာသိမ်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက် မနက် ၁၁ နာရီလောက်မှာ အကာအရံအတားဆီးတွေချကာ ပိတ်ဆို့ဝင်ရောက်သွားပြီးနောက် သေနတ်သံ ထွက်ပေါ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဘဏ်အတွင်းသို့ စစ်သားတွေ၊ ရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေးဌာန အကြီးတန်းအရာရှိတွေ ဝင်ရောက်သွားပြီးနောက် သေနတ်သံထွက်ပေါ်ခဲ့တာပါ။
သေနတ်ပစ်ဖောက်ရတဲ့ အကြောင်းရင်းကိုသိရဖို့ ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းရာမှာတော့ ရဲတပ်သားတစ်ဦး သေနတ်ကို ကျောသိုင်းလွယ်ပြီး သတိဆွဲ အလေးပြုစဉ် ကျည်ဆန် ထွက်သွားတယ်လို့ ပြောပါတယ်။
အနီးပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ပြည်သူတွေက သေနတ်သံကြားရသူတွေရှိသလို အော်ဟစ်ဆူညံသံတွေကြောင့် မကြားရသူတွေလည်း ရှိပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရတော့ ဘဏ်အတွင်းရှိ ငွေတိုက်သော့ကို သေနတ်ပစ်ဖောက် ဖျက်ဆီးတာဖြစ်တယ်လို့ မြို့ခံတွေအကြားမှာ သတင်းတွေ လည်း ထွက်ပေါ်နေပါတယ်။
ဘဏ်ဝန်ထမ်းတွေကို ရဲတပ်ဖွဲ့က ရုံးမတက်မနေရဆိုပြီး နေအိမ်တွေကနေ လာရောက်ခေါ်ယူသွားတာတွေ ရှိနေတယ်လို့လည်း ဘဏ်ဝန်ထမ်းတွေက ပြောပါတယ်။