ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဒီနေ့ ၇ ရက်မြောက်နေ့အဖြစ် စစ်အာဏာရှင်ကို မြို့ခံ ပြည်သူလူထုတွေက ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။
မနေ့ညကရော ဒီမနက်ပိုင်းမှာပါ ရဲနဲ့ စစ်သားတွေ ကားနဲ့ လှည့်လည်ပြီး လှည့်ကင်း ဆောင်ရွက်နေတာကြောင့် အိမ်မှာပဲ နေကြဖို့ ကြေညာခဲ့ပေမဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် လူထုက မြို့တပတ်လှည့်လည် ဆန္ဒပြခဲ့ပါတယ်။
ရဲကား၊ အချုပ်ကားတွေ လှည့်လည်ရာမှာ မီးသတ်ကားကို စတစ်ကာအဖြူကပ်ပြီး ရေအမြောက်ကားအဖြစ် ပုံပြောင်းထားတဲ့ ကားလည်း ပါဝင်လာတာကို တွေ့ရပါတယ်။
သံတွဲမြို့မှာ ဖေဖော်ဝါရီ ၁၄ ရက်က တပ်မတော်ထောက်ခံသူတွေ လှည့်လည်ခဲ့ပြီး ရဲတပ်ဖွဲ့က ဘေးကနေ လိုက်ပါပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကိုတော့ ရဲတပ်ဖွဲ့က လမ်းတလျှောက် လိုက်လံပိတ်ဆို့ခဲ့ပြီး ကားနဲ့လည်း ဖြတ်တိုက်ခဲ့ပါတယ်။