ပဲခူးမြို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးအထွေထွေသပိတ်စစ်ကြောင်း ဒီနေ့မနက် စတင်ချီတက်မယ့် အချိန်မှာ လက်နက်ကိုင်စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဆန္ဒဖော်ထုတ်သူတချို့ကို ခေါ်ယူ စစ်ဆေးဖို့ ကြိုးစားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်မနက်က ပဲခူးရွှေမော်ဓောဘုရား ယာဉ်ရပ်နားဝင်းမှာ ဆန္ဒပြဖို့ ရောက်လာတဲ့ စက်မှုဇုန်ဖယ်ရီကားပေါ်ပါလာသူတွေကို စစ်တပ်အပါအဝင်ရဲတပ်ဖွဲ့ကနေ စစ်ဆေးဖို့ရှိတယ်ဆိုပြီး လာရောက်ခေါ်ဆောင်ခဲ့တာပါ။
ဒါပေမဲ့ တခြားဆန္ဒဖော်ထုတ်သူတွေက ရဲတပ်ဖွဲ့ရဲ့ခုလို ခေါ်ဆောင်သွားမှုကိုလက်မခံပဲ စစ်စရာရှိရင် အများပြည်သူရှေ့မှာပဲစစ်ဖို့ တားမြစ်ကြတဲ့အတွက် ရဲတပ်ဖွဲ့ကလည်း ပြည်သူတွေရှေ့မှာ ပဲစစ်ဆေးပြီးပြန်သွားကြပါတယ်။
မြို့မိမြို့ဖ တစ်ဦးက” အခုဆန္ဒပြကားပေါ်မှာ ပါတဲ့သူတွေကို ကယားပြည်နယ်ဘက်က သူတွေဝင်လာတယ်ဆိုတဲ့သတင်းအရ သူတို့က မြို့လုံခြုံရေးအတွက် စစ်ကြတာပါ။ အခုတော့ ပဲခူးစက်မှုဇုန်က ယာဉ်မောင်းတွေမှန်းသိလို့ ပြန်သွားကြပါပြီ” လို့ ပြောပါတယ်။
ဒိနောက် ဆရာဆရာမများသမဂ္ဂအဖွဲတွေ၊ စက်မှုဇုန် ဖယ်ရီကားသမားတွေ၊ လယ်သမားအင်အားစုတွေနဲ့ ဒေသခံပြည်သူ အင်အားသိန်းချီပြီး မြို့အနှံ့ သပိတ်စစ်ကြောင်းတွေခွဲကာ ဆန္ဒဖေါ်ထုတ်ခဲ့ကြသလို ဘုရားလမ်းမှာ ထိုင်သပိတ် ပြုလုပ်သူတွေလည်း ရှိနေပါတယ်