Live
Home
မြန်မာသတင်း
မီးရထားဝန်ထမ်းများသပိတ် အင်အားကောင်းလာ၊ CDM မလုပ်ရန် စစ်ကောင်စီ ဖိအားပေး
ပီတာအောင်
·
February 14, 2021

မြန်မာမီးရထားဝန်ထမ်းတွေ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုCDM မှာ အင်တိုက်အားတိုက် ပါဝင်နေတာကြောင့် ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ထိခိုက်လာနေပြီး  မီးရထားဝန်ထမ်းတွေကို အလုပ်ပြန်လုပ်ဖို့  အာဏာသိမ်းစစ်ကောင်စီက  ဖိအားပေးနေပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်မနက်က   ရန်ကုန်မြို့၊  မလွှကုန်း ဒီဇယ်မီးရထားစက်ခေါင်ပြင်စက်ရုံကို ထွေအုပ်တာဝန်ရှိသူတွေ၊ မီးရထားရဲနဲ့  မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ လက်နက်ကိုင်အင်အားအလုံးအရင်းနဲ့ ရောက်လာပြီး CDM မှာပါဝင်တဲ့ သပိတ်မှောက်ဝန်ထမ်းတွေကို ဖိအားပေးတာနဲ့ ဖမ်းဆီးတာတွေလုပ်ဖို့ ရောက်လာခဲ့ကြပါတယ်။ 

မလွှကုန်း ဒီဇယ်စက်ခေါင်းစက်ရုံဝန်ထမ်းတစ်ဦးက “ခေါင်းဆောင်ဘယ်သူလဲဆိုတော့ ကျနော်တို့က သူတို့ကို သေသေချာချာ ပြေပြေလည်လည်ပဲပြောပါတယ်။ ခေါင်းဆောင်ကတော့ ကျနော်တို့ အားလုံးပဲလို့ ၊ ဝန်ထမ်းအားလုံးက ခေါင်းဆောင်ပဲလို့ပြောလိုက်တယ်။  သူတို့က ပြည်သူတွေရဲ့အကျိုးကို မျှော်ကိုးပြီးတော့ CDM မလုပ်ဖို့၊  ရထားတွေပြန်လည်ပြေးဆွဲပေးဖို့ မေတ္တာရပ်ခံတဲ့သဘောပါတဲ့။ ကျနော်တို့ကလည်း စစ်အာဏာရှင်ရဲ့ လက်အောက်မှာ ကျနော်တို့ ဝန်ထမ်းတွေဟာလုံးဝကို အလုပ်ဆက်လုပ်လိုစိတ်မရှိပါဘူး။ ကျနော်တို့ရဲ့ တညီတညွတ်တည်း စိတ်ဆန္ဒဖြစ်ပါတယ်။ ကျနော်တို့ကို ပြန်ပြီးတော့ အလုပ်လုပ်စေချင်တယ်ဆိုရင် ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်တွေကို ပြန်လည်လွှတ်ပေးမှသာလျှင် ပြန်လည်လုပ်ငန်းဝင်ရောက်မယ်ဆိုပြီး သူတို့ကို ပြန်လည်ပြောဆိုခဲ့ပါတယ်” 

ရဲတပ်ဖွဲ့က လာရောက်စဉ်မှာ မီးရထားဝင်း ဝန်ထမ်းအိမ်ရာမှာနေတဲ့ မိသားစုတွေနဲ့ အနီးအနားဝန်းကျင်ရပ်ကွက်တွေမှာနေထိုင်တဲ့ ပြည်သူလူထုတွေက စုရုံးရောက်ရှိလာပြီး ဝိုင်းဝန်း တားဆီးကန့်ကွက်ခဲ့ကြလို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ပြန်လည်ထွက်ခွာသွား ကြပါတယ်။

“ကျနော်တို့ မီးရထားလူကြီးတွေနဲ့ လာပြီးတွေ့ပြီးဖိအားပေးတယ်။ ပြန်ထွက်ခါနီးတော့ ရဲအင်အားခေါ်တယ်။ ကား၂ စီးနဲ့။ ညဘက်ကြတော့ မီးရထားဆန္ဒပြတဲ့ ကောင်တွေ ဖမ်းမယ်ဆိုပြီး သတင်းလွှင့်တယ်။ ကျနော်တို့တွေကလည်း ညဘက် ကင်းစောင့်တယ် မအိပ်ရဘူး။ မနက်ကြတော့ သူတို့ အင်အားနဲ့လာမယ်ဆိုတာထင်တယ်။ ဒီမနက် ရောက်လာတာပဲ  ရဲကား  ၂ စီးနဲ့ဝင်လာပြီး နောက်ထပ် ၆ စီးထပ်ရောက်နေတယ်။ တစ်ကယ့်တစ်ကယ်က ဖမ်းဖို့လာတာ။ ကျနော်တို့က လူအင်အားများတော့ နောက်ဆုတ်သွားတာ။” လို့ မီးရထား စက်ခေါင်းပြင် အလုပ်သမားတစ်ဦးက ပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေက ငြိမ်းချမ်းစွာနဲ့ လမ်းလျှောက်ပြီးတော့ မီးရထားဝင်းထဲက ပြန်ထွက်လာမယ်၊ ဆူပူအကြမ်းဖက်မှုမလုပ်ပါနဲ့လို့တောင်းဆိုခဲ့လို့ ပြည်သူလူထုက ပြန်ထွက်ခွာခွင့်ပြုလိုက်ပြီးနောက်  ရဲတပ်ဖွဲ့ဝင်တွေပြန်ထွက်သွားကြပါတယ်။ 

မနေ့ကလည်း မလွှကုန်း မီးရထားဝင်းထဲကို ရဲတပ်ဖွဲ့ဝင်တွေ လာရောက်ခဲ့ပြီး  နောက်နေ့တွေမှာလည်း နောက်တကြိမ်ပြန်လာ ဖမ်းဆီးမှုတွေလုပ်နိုင်တယ်လို့ မီးရထား ဝန်ထမ်းတွေက ခန့်မှန်းပြောပါတယ်။ 

“အလုပ်က ကျနော်တို့က ရပ်ထားတယ်။ CDM လုပ်တယ်ဆိုတာ အလုပ်ရပ်တယ်ဒါပဲ။ ရထားတွေ အားလုံးရပ်ထားတယ်၊ အကုန်လုံးပဲ ဘူတာတွေရော မီးရထားတစ်ခုလုံး ရပ်ထားတယ်။ သူတို့က ရထား တစ်စင်းထွက်ပါ။  နှစ်စင်းထွက်ပါ။ မနေ့က ရှန်တိန်ခေါင်းတစ်ခေါင်း စစ်ခေါင်းတစ်ခေါင်း ထွက်ပေးပါ ဆိုပြီးကျနော်တို့ကို ပြောတယ်။ အမှန်ကတော့ CDM  ကိုကျိုးသွားအောင်လုပ်တဲ့ သဘောပဲ” လို့ မီးရထားဝန်ထမ်းတစ်ဦးက ပြောပါတယ်။

မလွှကုန်း ဒီဇယ်မီးရထားစက်ခေါင်းစက်ရုံက ဝန်ထမ်းတွေဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက  CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး နေ့စဉ် သပိတ်စစ်ကြောင်းနဲ့ ရန်ကုန်မြို့ထဲကို ချီတက်လှည့်လည် ဆန္ဒပြနေကြပါတယ်။ 

ဒီလှုပ်ရှားမှုမှာ ပါဝင်ရတာနဲ့ ပတ်သက်ပြီး သပိတ်မှောက် အလုပ်သမားတစ်ဦးက “CDM လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အခုဒါ စစ်အစိုးရတက်ပြီးတော့ ပြန်ပေးဆွဲတာပါပဲ။ အာဏာသိမ်းတယ်ဆိုတာတောင် မဟုတ်ပါဘူး။ တိုင်းပြည်ခေါင်းဆောင်ကို ဖမ်းပြီး ပြန်ပေးဆွဲတဲ့ကိစ္စကို ကျနော်တို့က မကျေနပ်တာပဲ။ လက်မခံနိုင်ဘူးလေ။ အဓိကကတော့ ကျနော်တို့က  အမေစုတို့ အရပ်သားအစိုးရ ပြည်သူတစ်ကယ်ရွေးချယ်တဲ့ ရွေးကောက်တင်မြှောက်တဲ့  အစိုးရတက်လာရင် ကျနော်တို့က အလုပ် ကျနော်တို့ ပြန်သွားမှာပဲ။  ပြည်သူတွေရွေးချယ်တဲ့ အစိုးရ မဖြစ်မချင်းကတော့ ကျနော်တို့က တခြားဝန်ထမ်းတွေနဲ့ အတူတူ CDM လုပ်ထားမှာပဲ။ အလုပ်ရပ်ထားမှာပဲ။” လို့ပြောပါတယ်။ 

သပိတ်မှောက်ဝန်ထမ်းတွေအနေနဲ့  အလုပ်ပြုတ်ချင်ပြုတ် အားလုံးတွက်ထားပြီး သားဖြစ်ပြီး အခက်အခဲကို အားလုံး စုစည်းရင်ဆိုင်မယ့်အကြောင်းနဲ့ အကူအညီအထောက်အပံ့တွေရတာ မရှိဘူးလို့လည်း ပြောပါတယ်။

“ကျနော်တို့ဝန်ထမ်းတွေကတော့ အားလုံးက အခက်အခဲရှိတယ်။ ဒါပေမဲ့ အဲဒါမျှော်လင့်လို့ လုပ်တာတော့ မဟုတ်ပါဘူး။ အားလုံးကူညီပေးကြရင်တော့ ကျေးဇူးတင်ပါတယ်။ အခုဝန်ထမ်းတွေက လစာတောင် မသေချာဘူးဆိုတဲ့ သတင်းတွေထွက်နေတယ်လေ”လို့ မီးရထား ဝန်ထမ်းကပြောပါတယ်။

ရန်ကုန်မှာရှိတဲ့ မလွှကုန်း ဒီဇယ်စက်ခေါင်းပြင်စက်ရုံမှာ မီးရထားစက်ခေါင်း ၇၀  ဝန်းကျင်ရှိတာဖြစ်ပြီး ပြည်တွင်းမှာ မီးရထားတွေပြေးဆွဲနိုင်ဖို့အတွက် အဓိကအရေးပါတဲ့ ဌာနကြီးတစ်ခုဖြစ်ပါတယ်။  

မြန်မာနိုင်ငံတဝန်းမှာ မြန်မာမီးရထားဌာနက ဝန်ထမ်းတွေ အားလုံးနီးပါးက အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM မှာပါဝင်ဆန္ဒပြနေတဲ့အတွက် မြန်မာပြည်အနှံ့ပြေးဆွဲနေတဲ့ မီးရထားတွေရပ်တန့်သွားကာ ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအပြင်  စစ်တပ်ရိက္ခာပို့တဲ့ လုပ်ငန်းတွေပါ အခက်အခက်အခဲတွေ့နေတယ်လို့  မီးရထားဝန်ထမ်းတွေထံက သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024