A d v e r t i s e m e n t With Us

“စစ်အာဏာသိမ်း တရားမဲ့တဲ့ ယန္တရားအောက်မှာ ဆက်လက်မရှင်သန်ပါနဲ့” – ဦးစည်သူမောင်

လူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးမယ့် အာဏာသိမ်းစစ်အစိုးရ ယန္တရားအောက်မှ တဘဝစာနဲ့ တလစာကို မလဲကြဖို့နဲ့ မရှင်သန်ကြဖို့ CDM လှုပ်ရှားမှုမှာ မပါဝင်သေးတဲ့ ဝန်ထမ်းတွေကို ပန်းဘဲတန်း လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်က တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ ပြည်သူ သန်းချီ ဆက်လက်ကျင်းပနေကြပြီး လှည်းတန်း ပြည်သူ့ဟစ်တိုင်နေရာမှာ ဦးစည်သူမောင်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။

“အခု ကျနော်တို့ ဒီနေရာကို ရောက်ရှိလာတာဟာ မနေ့ကလည်း မတရားတဲ့ အမိန့်ညွှန်ကြားချက်တွေ ထုတ်တာ အားလုံး သိပါတယ်။ တရားမဝင် စစ်အာဏာသိမ်းအစိုးရရဲ့ အမိန့်ကို လက်ခံမှာလား။ ဘာမှ လက်ခံနိုင်စရာ အကြောင်းကိုမရှိဘူး။ ဒီမှာ ပြည်သူတွေ ပြောနေတဲ့ စကားတခုကို ကျနော် အရမ်းသဘောကျတယ်။ သူသေ၊ ကိုယ်ရှင် တိုက်ရမှာ။ ကိုယ်တိုင်က အထိခိုက်အရှနာ မရှိအောင် နေမယ်။ အခု သွေးမြေမကျအောင်လို့ ဆက်ပြီးတိုက်မယ့် တိုက်ပွဲဟာ CDM ပဲ ဖြစ်တယ်။ သက်ဆိုင်ရာ ဝန်ထမ်းတွေအားလုံး ကျနော်တို့ မိဘပြည်သူတွေရဲ့ ရင်ခွင်ထဲကိုပဲ ဝင်ပါ။ မိဘပြည်သူတွေရဲ့ ဆန္ဒကိုပဲ အလေးထားပါ။ စစ်အာဏာသိမ်း တရားမဲ့တဲ့ ယန္တရားအောက်မှာ ဆက်လက်မရှင်သန်ပါနဲ့။ အဲဒါကို အဓိကအလေးထား ပြောချင်ပါတယ်။ ဒီတဘဝစာနဲ့ ကျနော်တို့ လူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးမယ့် စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ တဘဝစာနဲ့ တလစာကို မလဲပါနဲ့။ CDM အောင်မြင်ရင် အောင်မြင်သလို ကျနော်တို့ ပြည်သူတွေရဲ့ အောင်ပွဲ ဖြစ်မှာပါ။ 

“ကျနော်တို့နိုင်ငံမှာ လူငယ်တွေ လမ်းမပေါ် တက်လာတာဟာ လူမှန် နေရာမှန်မရှိတဲ့ လူ့အဖွဲ့အစည်းမှာ နေရလို့။ စစ်တပ်က စစ်တပ်အလုပ်ကို လုပ်ရင် ကျောင်းသားတွေ လူငယ်တွေ လမ်းမပေါ် တက်စရာ အကြောင်းမရှိဘူး။ တက္ကသိုလ်တွေထဲမှာ၊ စာသင်ခန်းတွေထဲမှာ အေးအေးဆေးဆေး စာသင်မယ့် လူတွေချည်းပဲ။ စစ်ယူနီဖောင်းချွတ်ပြီး နိုင်ငံရေးလုပ်ချင်ရင် ပါတီထောင်ပါ။ နိုင်ငံရေးထဲကို လာခဲ့ပါ။ ပြည်သူ့ဆန္ဒကို အဆုံးအဖြတ်ခံယူပါ။ တရားမဲ့ လက်နက်အားကိုးနည်းနဲ့ အနိုင်ကျင့်တာဟာ ဒီမိုကရေစီတန်ဖိုး မဟုတ်ဘူး။ ဒီမိုကရေစီယဉ်ကျေးမှု မဟုတ်ဘူး။ စစ်အာဏာသိမ်းမှု ဆိုတာ နိုင်ငံရေးယဉ်ကျေးမှု မဟုတ်ဘူး။ အခုဖြစ်တဲ့ပြဿနာဟာ လူငယ်တွေရဲ့ ရင်ထဲက တဦးချင်းစီရဲ့ ဆန္ဒမဲတွေကို လိုက်ဖျက်ဆီးပြီး လက်နက်အားကိုးနည်းနဲ့ တိုင်းပြည်ကို စစ်အာဏာရှင်စနစ်အောက်ကို အသက်သွင်းနေတာ။ ဒီတိုက်ပွဲက ဓမ္မနဲ့ အဓမ္မကြားက တိုက်ပွဲပဲ။ လုံးဝဇွဲမလျှော့ပါနဲ့။ ကျနော်တို့နိုင်ငံရဲ့ ကံဆိုးမိုးမှောင်ကျမှုကို တကမ္ဘာလုံးက စောင့်ကြည့်နေတယ်။ ဟောဒီမှာ ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေ ရှိတယ်။ ဒီမှာရှိတဲ့ လူငယ်တွေအားလုံးဟာ မတရားမှုကို ခေါင်းငုံ့မခံပါဘူး။ ဒီအချိန်ဟာ ကိုဗစ်ရောဂါ ဖြစ်နေပါတယ်။ ကိုဗစ်ထက် စစ်အာဏာရူးရောဂါက ပိုဆိုးနေတယ်။ အဲဒီစစ်အာဏာရူး ပြောတာကို ငါတို့မျိုးဆက်မှာ ဒီလို မတော်လှန်ရင် နောက်မျိုးဆက်မှာ စစ်ဖိနပ်အောက်မှာ နေသွားရလိမ့်မယ်။ 

“မနေ့က ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝပုံရိပ် လေးခုကို ပြန်သတိထားကြည့်။ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၊ တို့ဗမာအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်း၊ ဂျပန်ခေတ် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်းက ဆုံးသွားတဲ့အချိန်မှာ ဦးအောင်ဆန်းဘဝနဲ့ ဆုံးသွားတာ။ ဖဆပလရဲ့ တိုင်းပြုပြည်ပြုလွှတ်တော် ကိုယ်စားလှယ် အရပ်သား နိုင်ငံရေးသမားအဖြစ် ဆုံးသွားတာ။ နိုင်ငံအတွက် စံနမူနာပဲ။ နိုင်ငံရေး လုပ်ချင်ရင် စစ်ယူနီဖောင်းကိုချွတ်။ အရပ်သား နိုင်ငံရေးသမားလုပ်ဖို့ ဗိုလ်ချုပ်အောင်ဆန်းက နမူနာပဲ။ တကယ် နိုင်ငံရေးကို လုပ်ချင်ရင် စစ်ယူနီဖောင်းကိုချွတ်၊ ပြည်သူထဲကို ဆင်းလာခဲ့၊ ပြည်သူရဲ့ အဆုံးအဖြတ်ကို ခံယူ။ အဲဒါက ဒီမိုကရေစီရဲ့ အခြေခံတရားပဲ ဖြစ်တယ်။”

A d v e r t i s e m e n t With Us

More News
Up