၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင် အပါအဝင် ၇ ယောက်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုထားပြီး သက်ဆိုင်ရာတရားရုံးတွေက ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကြေညာပါတယ်။
ကိုမင်းကိုနိုင် (ခ) ပေါ်ဦးထွန်း၊ ကျော်မင်းယု (ခ) ဂျင်မီ၊ ထွေးလင်းကို (ခ) လင်းလင်း၊ အင်းစိန်အောင်စိုး၊ မျိုးရန်နောင်သိမ်း၊ အိမ့်ပိုးဥ (ခ) အိပန်ဆယ်လို နဲ့ မောင်မောင်အေး တို့ဟာ သူတို့ကို လူသိများတဲ့ အခွင့်အရေးကို အသုံးချပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမယ့်အကြောင်း ရေးသားချက်တွေ၊ ပြောဆိုချက်တွေကို Social မီဒီယာတွေ၊ လူမှုကွန်ရက်တွေကို အသုံးပြုလုပ်ဆောင်နေကြောင်း တွေ့ရှိရတာကြောင့် သက်ဆိုင်ရာ တရားရုံးတွေမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုထားရှိပြီး သက်ဆိုင်ရာတ ရားရုံးတွေကလည်း ရာဇဝတ်ကျင့်ထုံးဥပဒေနဲ့ အညီ လူဖမ်းဝရမ်းတွေ ထုတ်ဆင့်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိတာကြောင့် အထက်ပါ ပုဂ္ဂိုလ်တွေကို တွေ့ရှိလျှင်ဖြစ်စေ၊ သတင်းရရှိလျှင်ဖြစ်စေ အနီးဆုံးရဲစခန်းတွေမှာ သတင်းပေး တိုင်တန်းနိုင်တယ်လို့လည်း ဆိုပါတယ်။
သူတို့အား လက်ခံထားပါက လက်ခံထားသူတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့လည်း တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။