Home
မြန်မာသတင်း
၂ နှစ်အတွင်း ရှမ်းတပ်နှင့်အစိုးရ တိုက်ပွဲပေါင်း ၁၃၃ ကြိမ် ပြန်ဖြစ်
နန်းမြနဒီ
·
October 4, 2013
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ဟာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ပြီးခဲ့တဲ့နှစ်က ပြည်နယ်အဆင့်နေဲ့ ပြည်ထောင်စုအဆင့်မှာပါ လက်မှတ်ရေးထိုးခဲ့ပေမယ့် တိုက်ပွဲတွေ အကြိမ်ပေါင်း ၁၃၀ ကျော် ပြန်ဖြစ်ခဲ့တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ [caption id="attachment_35617" align="alignright" width="300" caption="အက်စ်အက်စ်အေ တပ်ဖွဲ့ဝင်အချို့"][/caption] အောက်တိုဘာ ၁ ရက်နေ့က  ဌာနချုပ် လွိုင်တိုင်းလျန်းမှာ ကျင်းပခဲ့တဲ့    ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့  အရေးပေါ်အစည်းအဝေးအပြီးမှာ ထုတ်ပြန်ကြေညာလိုက်တာပါ။ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးခဲ့တဲ့ ၂ နှစ်နီးပါးကာလအတွင်း တိုက်ပွဲအကြိမ်ပေါင်း ၁၃၃ ကြိမ်ပြန်ဖြစ်ကြောင်း၊ ပစ်ခတ်မှုဖြစ်တိုင်း  ပြန်လည်သုံးသပ်ဖြေရှင်းဖို့ အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ တပ်မတော်ဒုတိယကာကွယ်ရေးဦးစီးချုပ်ဆီကို စာပို့ခဲ့ပေမယ့် လုံးဝ အကြောင်းပြန်ကြားလာတာ မရှိတဲ့အပြင် နယ်မြေထဲ စစ်ရေးလှုပ်ရှားမှုတွေ ပိုလုပ်လာတာတွေ့ရကြောင်းလည်း  ထုတ်ပြန်ထားပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုတော့ ကြေညာချက်မှာ ဖော်ပြထားခြင်း မရှိပေ။ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးတုန်းက သဘောတူညီချက်ပေါင်း ၃၀ ရှိပေမယ့် အဲဒီ ထဲက ဆက်ဆံရေးရုံး ဖွင့်လှစ်တာရယ်၊ ရှမ်းပြည်တပ်မတော်နဲ့ ပြည်သူလူထုကြား လွတ်လွတ်လပ်လပ်တွေ့ဆုံခွင့်ရတဲ့ အချက် ၂ ချက်ပဲ လက်တွေ့ဆောင်ရွက်ပြီး ကျန်တဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ ဒေသဖွံ့ဖြိုးရေးအစရှိတဲ့ကိစ္စတွေ မဆောင်ရွက်ရသေးတာ၊မလိုက်နာတာတွေ ရှိနေတယ်လို့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းရဲ့ ပြောခွင့်ရ ဗိုလ်ကြီး စိုင်းဆိုင်မိုင်းက ပြောပါတယ်။ ဒါကြောင့်  အစိုးရနဲ့ ယုံကြည်မှု ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်သေးဘူးလို့ သုံးသပ်ပြီး  ဒီလထဲမှာ နိုင်ငံတော်အစိုးရက ဖိတ်ခေါ်ထားတဲ့  အပစ်အခတ်ရပ်ဖို့ အဆင်သင့်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နေပြည်တော်မှာလာပြီး လက်မှတ်ရေးထိုးဖို့အပေါ်မှာလည်း    ပြန်လည်ဆွေးနွေးနေဆဲပဲလို့ ဆိုပါတယ်။ ဒါပေမယ့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ ပြည်တွင်းခရီးစဉ်မှာတော့   နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့တကွ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ ပြည်သူတွေနဲ့ တွေ့ဆုံပြီး နိုင်ငံရေးအမြင်သဘောထားတွေ အပြန်အလှန်ဆွေးနွေးနိုင်တာဟာ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ အကျိုးပြုကြောင်း  ဗဟိုကော်မတီအစည်းအဝေးက သုံးသပ်တယ်လို့ ဆိုပါတယ်။ နောက်နောင် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ  ရှမ်းတပ်ဖွဲ့တွေတင်မကဘဲ   ဒေသခံ ပြည်သူနဲ့ လူမှုအဖွဲ့အစည်းတွေပါ ပူးပေါင်းပါဝင်ဆွေးနွေးဖို့အတွက်   ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီကိုလည်း  ပြန်လည်ဖွဲ့စည်းလိုက်တယ်လို့ ပြောပါတယ်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက နိုင်ငံတော်အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးရာ မှာသော်လည်းကောင်း၊ ရှမ်းပြည်စည်းလုံးညီညွတ်ရေးအတွက် တည်ဆောက်ရာမှာ လည်းကောင်း ပြည်သူတွေ ပူးပေါင်းပါဝင်လာဖို့ကိုလည်း ကြေငြာချက်မှာ ဖိတ်ခေါ်ထားပါတယ်။ နိုင်ငံတော်အစိုးရနဲ့ မြန်မာ့တပ်မတော်ကပါ  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနဲ့ အပစ်အခတ်ရပ် သဘောတူညီချက် ၃၁ ချက်အတိုင်း လိုက်နာဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ဟာ ယခင် ခွန်ဆာခေါင်းဆောင်တဲ့ အမ်တီအေ အဖွဲ့ကဖြစ်ပြီး အမ်တီအေက ၁၉၉၅ ခုနှစ်မှာ အစိုးရထံ လက်နက်ချပေမယ့် သူတို့က လက်နက်မချဘဲ ရှမ်းပြည်လွတ်လပ်ရေးအတွက် ဆက်လက်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024