ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းဟာ နိုင်ငံ့အကျိုး၊ပြည်သူများအကျိုးနဲ့စီးပွားရေးလုပ်ငန်း အားလုံးရဲ့အကျိုးအတွက် အသေးစိတ်ထပ်မံဆွေးနွေး ပြင်ဆင်ရန်လိုအပ်တာကြောင့် အဆော တလျင်ပြဋ္ဌာန်းမည်ဆိုပါက ပြင်းပြင်း ထန်ထန်ကန့်ကွက်သွားမယ်လို့ ကွန်ပျူတာ အသင်းချုပ်နှင့်ကွန်ပျူတာအသင်းတွေက သဘောထားထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၉ ရက်က ပေးပို့လာတာဖြစ်ပြီး အသေးစိတ်ဆွေးနွေး ပြင်ဆင်ရန် လိုအပ်တဲ့အပြင် အခုအခါသည်လည်း ဥပဒေကို ပြန်ဋ္ဌာန်းရမယ့် အချိန်အခါကောင်း မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်က သတိပေးထားပါတယ်။
ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံသားတိုင်းရဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားဖြန့်ဝေခွင့်ကို ထိခိုက်ပျက်စီးစေတဲ့အပြင် နိုင်ငံသားများ၏လုံခြုံမှုတွေအတွက် ဥပဒေအရကာကွယ်ပေးရမယ့်အချက်နဲ့ ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဥပဒေကြမ်းပါပြဋ္ဌာန်းချက်ဟာ အများပြည်သူနဲ့လုပ်ငန်းတွေကို အရေးယူနိုင်ဖို့ ရေးသားချက်ပါဝင်ပြီး အပြုသဘောထက် အဆိုးဘက်ကို ဦးတည်နေတာကို တွေ့ရှိရပြီး ပြည်သူများရဲ့အဆင်ပြေချောမွေ့မှုတွေကို အဟန့်အတားဖြစ်စေနိုင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အလားတူ ဥပဒေကြမ်းမှာ မလိုလားအပ်တဲ့ ထိန်းချုပ်မှုတွေနဲ့ ကန့်သတ်ချက်များ ပါဝင်နေပြီး လုပ်ငန်း အားလုံးအတွက် အခက်အခဲ၊ နှောင့်နှေးမှုနဲ့ ပြစ်ဒဏ်ခံရတာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါကြောင့် ဒီဥပဒေဟာ ICT နည်းပညာအပေါ် အရှိန်ရနေတဲ့ လုပ်ငန်းများအားလုံး လုံးဝ ရပ်တန့်သွားစေ နိုင်တဲ့အပြင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနဲ့ဒစ်ဂျစ်တယ်စီးပွားရေးစနစ် တည်ဆောက်ရေးအတွက် မလွဲမသွေအဟန့်အတားဖြစ်စေနိုင်တာကို တွေ့ရတယ်ဆိုတာကို ထုတ်ပြန်ချက်က အသိပေးထားပါတယ်။
အခုလိုတွေ့ရှိချက်ကို ထုတ်ပြန်ချက်မှာဖော်ပြထားပေမဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေဟာ နိုင်ငံ တိုင်းအတွက် အမှန်တကယ်လိုအပ်တယ်ဆိုတာကိုတော့ ငြင်းဆိုမထားပါဘူး။