မန္တလေးတိုင်း မိတ္ထီလာမြို့နယ်နဲ့ သာစည်မြို့နယ်တို့မှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က အကျဉ်းသား ၂၄၆ ဦး လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာတယ်လို့ အကျဉ်းဦးစီဌာနက ပြောပါတယ်။
မိတ္ထီလာအကျဉ်းဦးစီးဌာနလက်ထောက်ညွှန်မှူးဦးခင်ရွှေက “မိတ္ထီလာအကျဉ်းထောင်မှာ အထွေအထွေပြစ်မှုတွေနဲ့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ၁၀၉ ဦး လွတ်ငြိမ်းခွင့်ရပါတယ်။ ဒီနေ့ပဲ လွှတ်ပေးလိုက်ပါပြီ”လို့ ပြောပါတယ်။
သာစည်ဘုရားငါးဆူ အကျဉ်းဦးစီးဌာန တာဝန်ကျဝန်ထမ်းတစ်ဦးက “ဘုရားငါးဆူ ကုန်ထုတ်စခန်းက အကျဉ်းသား ၁၃၇ ဦး လွတ်ငြိမ်းခွင့်ရပါတယ်။ ၇၄ ဦးကတော့ မိမိအစီအစဉ်နဲ့ ပြန်ကြရမှာပါ။ ၆၃ ဦးကိုတော့ အကျဉ်းဦးစီးဌာန ကုန်ထုတ်စခန်းက ကားစီစဉ်ပေးပါတယ်” လို့ ပြောပါတယ်။
ဒေသခံတစ်ဦးက “ဆန္ဒပြပွဲတွေ ဖြစ်နေတုန်း အခုလို အကျဉ်းသားတွေ လွတ်ငြိမ်းခွင့် ပေးလိုက်တာကတော့ စိတ်ထဲမှာ စိုးရိမ်စိတ်တွေ ဖြစ်စေတယ်။ အဆိုးတွေ ဖြစ်မလာပါစေနဲ့ ဆုတောင်းနေရမှာပဲ”လို့ ပြောပါတယ်။
အာဏာသိမ်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) အရ ၂၀၂၁ ခုနှစ် ဇန္ဝါရီလ ၃၁ ရက် မတိုင်မီ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေကို အချက် ၅ ချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာပါ။
ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ နိုင်ငံတဝန်း အကျဉ်းသူ အကျဉ်းသား ၂၃၃၀၀ ကျော် လွှတ်ပေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြေညာခဲ့တာပါ။
သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း