စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့မှာ ဌာနပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ လူအင်အား ၅၀၀၀၀ လောက်က ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။
အလားတူ ကောလင်းခရိုင်၊ ကောလင်းမြို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ဒီကနေ့ လူအင်အား ၅၀၀၀၀ လောက်နဲ့ ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြပွဲကို မြို့ပေါ်နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေက ပြည်သူလူထုတွေအပါအဝင် မြို့ပေါ်ရှိဌာနဆိုင်ရာတွေ၊ သဘင်အဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို နေ့စဉ်ရက်ဆက်ဆိုသလို ပြုလုပ်နေတာဖြစ်ပြီး ပြည်သူတွေ၊ ဌာနဆိုင်ရာက ပြည်သူ့ဝန်ထမ်းတွေရဲ့ ပူးပေါင်းပါဝင်မှုကလည်း အားကောင်းလာနေပါတယ်။