အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ အင်းစိန်BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်ရဲ့ အမှုကို တရားလိုဘက်က အမှုရုပ်သိမ်းလွှာတင်သွင်းလိုက်ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တာဝန်ရှိသူ ဦးမိုးနိုင်က တရားလိုပြုလုပ်တရားစွဲဆိုထားတဲ့ အင်းစိန် BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်အမှုကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က တိုင်းတရားရုံးမှာ အမှုရုပ်သိမ်းလွှာတင်သွင်းခဲ့တာပါ။
လတ်တလောအမှုတွဲက နေပြည်တော်ကိုရောက်ရှိနေတဲ့အတွက် ဒေါက်တာအောင်ဇော်ကို ချက်ချင်းလွှတ်မပေးနိုင်သေးဘဲ အမှုတွဲပြန်လည်ရောက်ရှိလာမယ့် နောက်အပတ်ရုံးချိန်း ဖေဖော်ဝါရီ ၂၃ ရက်နေ့မှသာ လွှတ်ပေးနိုင်မှာဖြစ်တယ်လို့ ဒေါက်တာအောင်ဇော်ဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးထင်ဇော်လတ်က ပြောပါတယ်။
အင်းစိန် BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်ကို အဂတိတိုက်ဖျက်ရေးကော်မရှင်က သတ်မှတ်ချက်နဲ့မညီတဲ့ ကော်စေ့ ၂၆ တန် သွေးကြောသွင်းဆေးရည်ဘူး တစ်သိန်းကျော်တင်သွင်းရာမှာ လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ အဂတိလိုက်စားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တဲ့ အတွက် အဂတိလိုက်စားမှုဥပဒေ ပုဒ်မ ၅၆ နဲ့ စက်တင်ဘာ ၆ ရက်နေ့က စတင် တရားစွဲဆိုထားတာပါ။