Live
Home
မေးမြန်းခန်း
NLD လွှတ်တော်ကိုယ်စားလှယ်တွေ လက်တွေ့ကျကျ နေ့စဉ်လမ်းညွှန်မှုပေးပါ”- နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်
DVB
·
February 11, 2021

လတ်တလောမြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုအခြေအနေ၊ နိုင်ငံတဝန်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ ဖွဲ့စည်းဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။    ။ စစ်အာဏာသိမ်းယူလိုက်ခြင်းက ဒီမိုကရေစီရှေ့တိုးလာလား။ နောက်ဆုတ်သွားလား သုံးသပ်ပေးပါ။

ဖြေ။     ။ “အခုစစ်အာဏာသိမ်းတဲ့ရည်ရွယ်ချက်ကတော့ ကျွန်တော့်အမြင်အရပြောရလို့ရှိရင် သူတို့အနေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခွက်ခွက်လန်ရှုံးသွားပြီး NLD နောက်ထပ်သက်တမ်းတစ်ခု အစိုးရအဖွဲ့လုပ်မယ့်ကိစ္စကို သူတို့ လက်မခံနိုင်ဘူးဗျာ။ အဲဒါကြောင့်သူတို့ ဒီရွေးကောက်ပွဲမဲဆန္ဒတွေကို အကြောင်းပြုပြီးတော့ အာဏာသိမ်းလိုက်တာပေါ့။ ဘာမှာ ဒီမိုကရေစီပြဿနာလည်းမဟုတ်ပါဘူး။ စစ်တပ်အုပ်စိုးမှုကို ပြန်ပြီးတော့ ထူထောင်တာပါ။ အဲဒါဆိုရင်တော့ ကျွန်တော်တို့သမိုင်းက ရှစ်လေးလုံးကို တစ်ပတ်ပြန်လည်သွားမယ့်အခြေအနေပဲဗျ။ အဲဒီအနေအထားကို ကျွန်တော်တို့က အရောက်မခံနိုင်ဘူး။ အဲဒါကို ရတဲ့နည်းနဲ့ ပြန်ပြီးတော့ ခုခံတိုက်ခိုက်ရမယ်။

မေး။ ရွေးကောက်ပွဲအနိုင်ရ NLDက  ပြည်ထောင်စုဆင့်လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်းဆောင်ရွက်နေသလို တိုင်းနဲ့ပြည်နယ်တွေမှာလည်း ဖွဲ့နေပါတယ်။ ဒီဖွဲ့စည်းမှုတွေဟာ နိုင်ငံရေးအရ ဘယ်လောက်ထိအောင် ထိရောက်တာသွားလဲခင်ဗျ။

ဖြေ။     ။ အဲဒါကတော့ရှင်းရှင်းပြောရလို့ရှိရင်တော့ စစ်အာဏာရှင်စနစ်က စစ်တပ်ကျောရိုးပြုလှုပ်ရှားနေတာကိုတော့ ကျုပ်တို့ ဒီမိုကရေစီအင်အားစုတွေက ဘယ်လိုမှ လိုက်ယှဉ်နိုင်မှာ မဟုတ်ဘူးဗျ။ အဲဒီတော့ ကျွန်တော်တို့က ဒီစစ်အုပ်ချုပ်ရေးယန္တရား မလှုပ်ရှားနိုင်အောင် ဘက်စုံက အာဏာဖီဆန်ရေးလုပ်ငန်းတွေကို လုပ်သွားရမှာပဲ။ သူတို့ကို သူတို့နဲ့ယှဉ်ပြီးတော့ ကျွန်တော်တို့က အာဏာထူထောင်လို့လည်းမရဘူး။ သို့သော်ငြားလည် တစ်ခုတော့ရှိပါတယ်။ ဒီလိုအဖွဲ့အစည်းတွေ ဖွဲ့တာလည်း အကြောင်းအကျိုးမဲ့တော့ မဟုတ်ပါဘူး။ သူတို့တတွေက လူထုနည်းနဲ့ အာဏာကိုပြန်ပြီးရအောင်ယူဖို့တော့ လိုအပ်တယ်ဗျ။ အာဏာကိုရအောင်ယူဖို့လိုအပ်တယ်ဆိုတာက ဖြစ်နေတဲ့အခြေအနနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီလွှတ်တော်ကော်မတီအနေနဲ့ လိုအပ်တဲ့လမ်းညွှန်ချက်တွေ လူထုကို ချပေးလို့ရတယ်။ လူထုနိုင်ငံရေးကို သူခေါင်းဆောင်လို့ရတယ်။ အဲဒီတော့ လူထုနိုင်ငံရေးကလည်း ဒီကနေ့ အရေးကြီးတယ်လေဗျာ။ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်တွေ ရှိနေဖို့လိုတယ်။ ခုက ရှစ်လေးလုံးနဲ့ မတူတာက ရှစ်လေးလုံးတုန်က ခေါင်းဆောင်မရှိဘူးဗျ။ အဲဒီတော့ ဦးတည်ချက်ပျောက်ပြီး နောက်ဆုံး သားလျှောသွားတာပဲဗျ။ ဒီတခါကတော့ ခေါင်းဆောင်က လူထုက တင်မြှောက်ထားပြီးသား။ အဲဒီတော့ လွှတ်တော်ကော်မတီက မြေအောက်ကနေပဲဖြစ်ဖြစ်၊ လေလှိုင်းကနေဖြစ်ဖြစ် သူတို့ညှိနှိုင်းဆွေးနွေးပြီးတော့ သူတို့က ရှိနေတဲ့အခြေအနေပေါ်မှာ ဘယ်လိုလုပ်မှာလဲဆိုတဲ့ကိစ္စကို သူတို့အနေနဲ့ စဉ်းစားပြီးတော့ လမ်းညွှန်ချက်တွေ ချမှတ်ပေးဖို့လိုတယ်။

အခုက ကိုမင်းကိုနိုင်တို့၊ ကျောင်းသားသမဂ္ဂက ကိုကျော်ကိုကိုတို့ ပြောနေ၊ဆိုနေကြတာတွေ ရှိတာပေါ့ဗျာ။ ဒါပေမဲ့ သူတို့က လွှတ်တော်ကော်မတီရဲ့ ဆုံးဖြတ်ချက်လောက်တော့ သူတို့ရဲ့သဘောထားတွေက အားကောင်းမောင်းသန်ဖြစ်နိုင်စရာ အကြောင်းမရှိဘူး။ လွှတ်တော်ကော်မတီအနေနဲ့ ဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့၊ ဆိုလိုတာက ဖြစ်နေတဲ့ကိစ္စဆိုတာ မကြာခင်ဖြစ်တော့မှာ။ မကြာခင်ဘာဖြစ်တော့မှာလဲဆိုတော့ အခု ရဲတချို့က အခု လူထုလှုပ်ရှားမှုတွေ ဖျက်သိမ်းနိုင်လောက်တဲ့ အင်အား မရှိဘူး၊ လက်တွေ့အကျိုးသက်ရောက်မှုမရှိဘူးဆိုရင် တင့်ကားနဲ့ စစ်တပ်တွေတက်လာမယ်။ ဆိုတော့ အဲဒီအချိန်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့၊ ရင်ကြားစေ့ရေးတို့ဆိုတဲ့၊ အကြမ်းမဖက်ရေးဆိုတဲ့ သဘောထားတွေနဲ့တော့ ရေရှည်မရပ်တည်နိုင်ဘူးဗျ။

အဲဒါနဲ့ပတ်သက်ပြီးတော့ လွှတ်တော်က ဘယ်လိုဖြေပေးမှာလဲ၊ ဘယ်လိုသဘောထားပေးမှာလဲ။ ဆိုလိုတာက လူထုကိုလှုံ့ဆော်ပြီးတော့ ဒီလက်နက်နဲ့အာဏာသိမ်းတဲ့အင်အားစုတွေကို ပြန်ပြီးတော့ တွန်းလှန်ခုခံဖို့၊ ရတဲ့နည်းနဲ့လုပ်ဖို့ သင့်မသင့်ဆိုတဲ့ကိစ္စ ကျွန်တော်တို့ ကြားလူတွေ ပြောဖို့ မသင့်လျော်ဘူး။ သူတို့စဉ်းစားဆုံးဖြတ်ရမယ့်ကိစ္စတွေ။ အဲဒီကိစ္စတွေကို ကြိုတင်ပြင်ဆင်မထားရင် လူထုက ရှစ်လေးလုံးကာလထက်ပိုပြီးတော့ အကျအဆုံးများလိမ့်မယ်၊ နောက်ပြီးတော့ တော်လှန်ရေးက တဖြည်းဖြည်းအားနည်းပြီးတော့ သားလျှောသွားလိမ့်မယ်။ အဲလိုသားလျှောသွားပြီဆိုလို့ရှိရင် ဗမာပြည်ရဲ့ ဒီမိုကရေစီကံကြမ္မာက အကန့်အသတ်မရှိတော့ဘူး။ အဲဒီတော့ မျိုးဆက်ပေါင်းများစွာ ဒီဒဏ်ကို ဆက်ခံရမယ်။ ကျွန်တော်တို့ အနှစ် (၇၀) ရုန်းကန်ခဲ့ပြီးပြီ၊ တော်လောက်ပါပြီဗျာ။ အဲဒီတော့ ဒီနေ့ကာလမှာ ဒီအခြေအနေနဲ့ကိုက်ညီတဲ့ တုံ့ပြန်မှုကို လမ်းညွှန်ပေးဖို့ လိုအပ်နေတယ်လို့ ပြောချင်တယ်။

မေး။    ။ ဖြည့်စွက်ပြောစရာရှိသေးလားဆရာ။

ဖြေ။     ။ ထပ်ပြီးတော့ သိပ်ပြီးတော့ မပြောချင်ပါဘူး။ အခု ခေါင်းဆောင်မှုမဲ့နေတဲ့ အနေအထားအောက်မှာ ရဲရဲတင်းတင်း အန်အယ်လ်ဒီက လူထုတင်မြှောက်ထားတဲ့ အင်အားစုတွေက လူထုကို လမ်းညွှန်ချက်ပေးကြပါ။ ငုံ့ခံရမှာလား၊ လည်စင်းပေးရမှာလား၊ ဒါမှမဟုတ် ပြန်တိုက်ရမှာလား။ ဒါပေမဲ့ ဒီတိုက်ပွဲဟာ ဒီ စစ်အာဏာသိမ်းခေါင်းဆောင်တွေကို ဖယ်ရှားမပစ်နိုင်လို့ရှိရင်၊ ရတဲ့နည်းနဲ့ ဖယ်ရှားရမှာပဲ။ နိုင်ငံတကာ  အကူအညီပဲဖြစ်ဖြစ်၊ အဲဒါတွေနဲ့မှ ဖယ်ရှားမပစ်နိုင်လို့ရှိရင် ကျွန်တော်လို့လူထုလှုပ်ရှားမှုဟာ သားကြောဖြတ်ခံရလိမ့်မယ်။ အဲဒီအခြေအနေမရောက်ဖို့အတွက် အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့  ဒီလက်ရှိပြောင်းလဲနေတဲ့တော်လှန်ရေး အခြေအနေကို မူတည်ပြီးတော့ လက်တွေ့ကျကျ နေ့စဉ် လမ်းညွှန်မှုပေးပါလို့ ကျွန်တော် တောင်းဆိုချင်တယ်။      

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024