သံတွဲ အကြမ်းဖက်မှု အမေရိကန် ရှုတ်ချ

ရခိုင်ပြည်နယ်၊ သံတွဲမှာဖြစ်ပွားတဲ့ အကြမ်းဖက်မှုကို အမေရိကန်ပြည်ထောင်စုက ရှုံ့ချတယ်လို့ အောက်တိုဘာလ ၂ ရက်နေ့က အမေရိကန်သံရုံး (ရန်ကုန်) ရဲ့ ဖေ့စ်ဘွခ်စာမျက်နှာမှာ တင်ထားပါတယ်။ အိမ်တွေနဲ့ ဗလီတွေ မီးရှို့ခံခဲ့ရတာတွေအပြင် လူတဦး သေဆုံးပြီး၊ အများအပြား ဒဏ်ရာရရှိကာ လူတွေ ရာနဲ့ချီ အိုးအိမ်စွန့်ခွာ ပြေးတဲ့အထိ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို ကြားသိရတာ စိတ်မကောင်းကြောင်းနဲ့ ဒီလိုအကြမ်းဖက်မှုမျိုးကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း သံရုံးက ထုတ်ပြန်ထားပါတယ်။ ဒေသခံပြည်သူတွေနဲ့ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကူညီကာကွယ်ပေးဖို့ အစိုးရအာဏာပိုင်တွေအနေနဲ့ မြန်မြန်ဆန်ဆန် ပြတ်ပြတ်သားသား ဖြေရှင်းဆောင်ရွက်ပေးဖို့လည်း သံရုံးက လေးလေးနက်နက် တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ဒီအကြမ်းဖက်မှုကို သေသေချာချာ စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်ဖို့နဲ့ အကြမ်းဖက်မှုမှာ ဆုံးရှုံးနစ်နာခဲ့ရသူတွေကိုလည်း လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ၊ ထောက်ပံ့ဖြည့်ဆည်းမှုတွေ လုပ်ပေးဖို့တွေလည်း တိုက်တွန်းထား ပါတယ်။ ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ တင်းမာမှုတွေ ပပျောက်အောင် ပြည်ထောင်စု အစိုးရနဲ့ ဒေသအာဏာပိုင်တွေက လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ တရားမျှတရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ရရှိစေရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့ကို ဆောင်ရွက်ပေးဖို့နဲ့ ပြည်နယ်တွင်း ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးမှု အခြေအနေတွေကို ဖန်တီးပေးရမှာ ဖြစ်တယ်လို့လည်း အဲဒီကြေညာချက်ထဲမှာ ရေးသားထား ပါတယ်။ အရေးအကြီးဆုံးကတော့ မွတ်စလင်တွေကို ဦးတည်တိုက်ခိုက်နေတဲ့ အကြမ်းဖက်မှုတွေ ဆက်လက်မဖြစ်ပွားအောင် ဘာသာရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ ပြည်သူတွေ အားလုံးကို တောင်းဆိုပါကြောင်းနဲ့ မတူကွဲပြားမှုတွေ ရှိနေတဲ့ နိုင်ငံအတွင်းမှာ ပြည်သူတွေ အချင်းချင်း နားလည်မှု၊ အပြန်အလှန် လေးစားမှုနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုတို့ကို အားပေးမြှင့်တင်ကြဖို့ တောင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up