အမေရိကန်အစိုးရယန္ထရား တစိတ်တပိုင်း ရပ်ဆိုင်း

အမေရိကန်နိုင်ငံမှာ ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် အစိုးရယန္ထရား တစိတ်တပိုင်း ရပ်ဆိုင်း သွားတာကြောင့် နယူးယောက်မြို့ရဲ့ အထင်ကရ အထိန်းအမှတ်ဖြစ်တဲ့ (Statue of Liberty) လွတ်လပ်ရေး ရုပ်တုကို အောက်တိုဘာ ၁ ရက်နေ့က ပိတ်ထားလိုက်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး ကိစ္စနဲ့ပတ်သက်တဲ့ သမ္မတ ဘားရက် အိုဘားမားနဲ့ ရီပတ်ဘလီကင် လွှတ်တော်အမတ်တွေအကြားက အကျပ်အတည်းဟာ အစိုးရရုံးတွေတော်တော်များများ၊ ပြတိုက်တွေနဲ့ အမျိုးသားပန်းခြံတွေ ပိတ်သွားစေပြီး ကုန်သွယ်ရေး ညှိနှိုင်းမှုတွေကနေ ဆေးသုတေသနအထိ လုပ်ငန်းအားလုံးကို နှေးကွေး သွားစေခဲ့ပါတယ်။ အောက်တိုဘာ ၁ ရက်နေ့က အထိမ်းအမှတ် ရုပ်ထုကို သွားရောက်လည်ပတ်ကြမယ့် ခရီသွားတွေဟာ ဒီသတင်းကြောင့် တအံ့တဩ ဖြစ်သွားခဲ့ကြရပါတယ်။ “တော်တော်လေး စိတ်ပျက်သွားတယ်။ လက်မှတ်ရဖို့ ရက်တွေ အကြာကြီးစောင့်ခဲ့ရတာမို့ ရုပ်ထုထဲကို သွားလည်ချင်တာပါပဲ” လို့ ပြင်သစ်ကနေလာလည်တဲ့ ဂေးလ်မက်စ်က ပြောပါတယ်။ သားတွေနဲ့အတူ Oregon က လာလည်တဲ့ အိမ်ထောင်ရှင်မ Jennifer Bemiller လည်း “ကျမသားလေးလည်း အဲဒီမှာ ပြန်ရောက်နေပါတယ်။ သူက အသက် ၇ နှစ်ပါ။ အဲဒီကို သွားလည်ဖို့ ဖေဖော်ဝါရီကတည်းက စောင့်ဆိုင်းနေခဲ့တာ။ ကျောင်းမှာ သူ့ဆရာတွေကိုရော သူ့သူငယ်ချင်းတွေကိုရော သူကပြောနေခဲ့တာ။ ဒီကိုလာရတဲ့ထဲမှာ ဒါကအရေးကြီးပါတယ်။ တပတ်လုံးလုံး စောင့်နေခဲ့တာ ဘာလို့လဲဆိုတော့ လက်မှတ်က ဒီနေ့အတွက်ပါ” လို့ ပြောပါတယ်။ လက်မှတ်ဝယ်ယူထားပြီးသား ဧည့်သည်တွေကို ငွေပြန်အမ်းပေးတာ၊ ဒါမှမဟုတ်ရင် လစ်ဘာတီ ကျွန်းကို ဖြတ်သွားတဲ့ ၁ နာရီစာ သင်္ဘော ခရီးကို ပို့ပေးပါတယ်။ ဘာလင်ကနေ အလည်အပတ်လာတဲ့ Stefan Neuhaus  စတက်ဖန် နိုက်ဟော့စ်က ရုပ်တုကို ပိတ်လိုက်တဲ့အတွက် သူ့အနေနဲ့ စိတ်ပျက်ရပြီး အမေရိကန်အစိုးရအနေနဲ့ အားလုံး သဘောတူညီချက်ရအောင် မလုပ်နိုင်တဲ့ အပေါ်မှာ ပိုပြီး စိတ်ပူမိတယ်လို့ ပြောပါတယ်။ “အမေရိကန်လို ချမ်းသာ ကြွယ်ဝပြီး အရေးကြီးတဲ့ နိုင်ငံ တခုမှာ လွှတ်တော် အမတ် နေရာ အများစု နဲ့ အုပ်ချုပ်ခွင့် ရထားတဲ့ သမ္မတ အလုပ်လုပ်လို့ မရနိုင်အောင် အငြင်းပွားမှုဖြစ်နေတဲ့ အပေါ် စိုးရိမ်မိပါတယ်။” ၀ါရှင်တန်မှာတော့ ပြတိုက်တွေ ပိတ်ထားလိုက်ပြီး သမ္မတ လင်ကွန်း အထိန်းအမှတ်လို အထင်ကရ နေရာမျိုးတွေမှာ ရဲတွေက အတားအဆီးတွေ ချထားလိုက်ပါတယ်။ ပြည်ထောင်စုအစိုးရ ဌာနတွေဟာ ၀န်ဆောင်မှု လုပ်ငန်းတွေကို လျော့ချဖို့ လမ်းညွှန်ထားခံရသလို အလုပ်သမား ၁ သန်းလောက်ဟာလည်း လစာမဲ့ခွင့်ပေးတာ ခံရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up