စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံရသူအားလုံးကို ချက်ချင်းခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက တောင်းဆိုလိုက်ပါတယ်။
စစ်အာဏာသိမ်းမှုနဲ့ ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရအဖွဲ့ဝင်တွေအပါအဝင် လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူတွေအပေါ်အရေးယူမှု တွေပြုလုပ်ပြီးနောက် ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် ပြင်သစ်နိုင်ငံအနေနဲ့ အလွန်စိုးရိမ်မကင်းဖြစ်ရကြောင်း လည်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နောက်ထပ်ပြီး ငြိမ်းချမ်းစွာဆန္ဒပြခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်၊ စာ နယ်ဇင်းလွတ်လပ်ခွင့်အပါအ၀င် စာနယ်ဇင်းသမားတွေရဲ့ လုံခြုံမှုတွေကို မြန်မာနိုင်ငံမှာ သာမက ကမ္ဘာတဝန်းမှာ လေးစားလိုက်နာဖို့ တိုက်တွန်းလိုပြီး ပြည်သူလူထုအခြေပြု ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့ ကြိုးပမ်းနေသူတွေအားလုံးကို ပြင်သစ်နိုင်ငံက ထောက်ခံတယ်လို့ ဆိုပါတယ်။
ဖေဖေါ်ဝါရီ ၁ ရက် မနက်အစောပိုင်းက သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်ပိုင်းတချို့ကို စစ်တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက်တနေ့မှာပဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဆေးလောကသားတွေက စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံတဝန်း ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင်လှုပ်ရှား နေကြတာ ဖြစ်ပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ပေါ်ပေါက်လာပြီးတဲ့ နောက်မှာ ရန်ကုန်နဲ့ မန္တလေးပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၀ ခုမှာ လူ ၅ ဦး ထက် ပိုမစုရတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို အာဏာသိမ်းအစိုးရက ထုတ်ပြန်ထား ပြီး လုံခြုံရေးတင်းကြပ် ဖမ်းဆီးထားတာတွေလည်း ရှိနေပါတယ်။