လက်ရှိ မြန်မာနိုင်ငံ အနှံ့ဖြစ်ပွားနေတဲ့ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို စစ်အစိုးရက လက်နက်နဲ့ပစ်ခတ်နှိမ်နင်းမှုတွေရှိလာတာ၊ အန်အယ်လ်ဒီ ပါတီဌာချုပ်ကို စစ်တပ်က ဝင်ရောက်စီးနင်းတာနဲ့ လူ့ဘောင်သစ်ပါတီကို စစ်အစိုးရက ကမ်းလှမ်းနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး-လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို အာဏာသိမ်း စစ်ကောင်စီမှာ ပါဝင်ဖို့ ကမ်းလှမ်းမှုအပေါ် ရှင်းပြပါ။
ဖြေ။ ။ “ကျနော်တို့မှာ အဲဒီလိုသဘောထားမရှိပါဘူးခင်ဗျ၊ အဲဒါကြောင့် အဲဒီသဘောထား မရှိတဲ့အကြောင်းကို တုံ့ပြန်ခဲ့ပါတယ်။ သူတို့ နှစ်ခါ ကမ်းလှမ်းတယ်လို့ ကျနော်ကြားပါတယ်။ အဲဒါ ကျနော်တို့ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ကိုလှမ်းပြီးတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နိုင်ငံရေးဌာနက လှမ်းပြီးတော့ ကမ်းလှမ်းတာ နှစ်ခါရှိပြီလို့ ကြားပါတယ်ဗျ။”
မေး- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်ကို မနေ့ညက စီးနင်းတယ်၊ အဲဒီလို နိုင်ငံရေးပါတီတခုရဲ့ ရုံးကို စီးနင်းမှုအပေါ် သဘောထားမှတ်ချက်။
ဖြေ။ ။ “ကျနော်တို့ကကတော့ ကန့်ကွက်ပါတယ်။ အဲဒီလို အကြမ်းဖက်တဲ့လုပ်ရပ်မျိုးကို ရှုတ်ချပါတယ်။”
မေး- အေးချမ်းစွာ ဆန္ဒပြသူတွေအကြား ရှုပ်အောင် အရပ်ဝတ်တွေနဲ့ မသင်္ကာဖွယ်လူအုပ်စုတင်ထားတဲ့ကားတွေ တွေ့နေရပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေအပေါ် ဘာပြောချင်လဲ။
ဖြေ။ ။ “သက်ဆိုင်သူတွေအနေနဲ့ အဲဒီလိုပဋိပက္ခတွေမဖြစ်အောင် မလုပ်ဖို့၊ ကျနော့် အနေနဲ့မေတ္တာရပ်ခံချင်တယ်၊ တောင်းဆိုချင်တယ်၊ ဒီလိုအခြေအနေမျိုးတွေဟာ လက်တွေ့မှာတော့ အာဏာပိုင်တွေ လုပ်လေ့လုပ်ထရှိတဲ့ အမူအကျင့်မျိုးတွေဖြစ်တယ်။ အခုလို အာဏာသိမ်းထားတာကိုမှ အားမရဘဲနဲ့ အာဏာကို အပြီးအပိုင်းသိမ်းချင်တယ်ဆိုတဲ့ လက္ခဏာတွေ ဖော်ပြနေတယ်လို့ ယူဆပါတယ်ဗျ။”
မေး- ဆန္ဒပြပွဲတွေက နိုင်ငံတဝန်းမှာဖြစ်နေတယ်။ မနေ့တုန်းကတော့ နေပြည်တော်မှာ သေနတ်ပစ်ခတ်နှိမ်နင်းခဲ့လို့ အမျိုးသမီးငယ်တဦး စိုးရိမ်နေရပါတယ်။ဒီအပေါ် အမြင်။
ဖြေ။ ။ “ကနေ့ပြည်သူတွေရဲ့အားကိုကြည့်ရင်တော့ ဒီအခြေအနေဟာ သူတို့ရဲ့ကြိုးစား (ပစ်ခတ်) မှုတွေဟာ အောင်မြင်နိုင်မယ့်အခြေအနေမရှိဘူးလို့ ယူဆတယ်။ ပြည်သူတို့ရဲ့လှိုင်းဟာ တအားကြီးတယ်။ စောစောစီးစီး အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ၊ အယူအဆမျိုးတွေ ရပ်တန်းကရပ် သင့်တယ်။ သေသေချာချာ တိုင်းပြည်ကိုဒီမိုကရေစီရေးလမ်းကြောင်းပေါ် ရောက်အောင် ပြန်ပြီးတော့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သင့်တယ်လို့ ကျနော့် အနေနဲ့ပြောချင်တယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ကျနော်တို့ တိုင်းပြည်ရဲ့ အခြေအနေဟာ စိတ်မကောင်းစရာအခြေအနေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အဲဒါကို ကျနော်ပြောချင်တယ်။”