ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန် ရခိုင်ပါတီ လွှတ်တော်တင်မည်
DVB
·
October 1, 2013
ခွင့်ပြုချက်မရပဲ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြသူတွေကို အရေးယူနိုင်တဲ့ ပုဒ်မ ၁၈ ဥပဒေကို ဖျက်သိမ်းပေးဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက အမျိုးသားလွှတ်တော်မှာ မကြာခင် အဆိုတင်သွင်းဖို့ ပြင်ဆင်နေပါတယ်။
ရခိုင်ပြည်နယ်မှာ ပုဒ်မ ၁၈ နဲ့ ငြိစွန်းတယ်ဆိုပြီး အရေးယူမှုတွေ ပြုလုပ်တဲ့အထဲမှာ ခွင့်ပြုချက်တင်ပေမယ့် ထောင်ချအရေးယူတာတွေ များလာတာကြောင့် ဒီဥပဒေကို ရုပ်သိမ်းဖို့ တောင်းဆိုမှာလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (အာအန်ဒီပီ) အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောပါတယ်။
“လူထုတယောက်ရဲ့ဆန္ဒ သို့မဟုတ် အဖွဲ့အစည်းတခုရဲ့ ဆန္ဒကို လွတ်လပ်စွာဆွေးနွေးခွင့် လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့် မရဘူး။ အဲဒါကြောင့် ဒီဥပဒေ ပုဒ်မ ၁၈ ကို ကျနော်တို့ပါတီက ဖျက်သိမ်းဖို့လိုအပ်တယ်ဆိုတဲ့ သဘောထားတွေရှိတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ လွှတ်တော်ကို တင်ပြဖို့ ပြင်ဆင်နေပါတယ်။”
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအနေနဲ့ ရခိုင်ပြည်နယ်တခုလုံးမှာ လူပေါင်း နှစ်ဆယ်ကျော် ပုဒ်မ ၁၈ နဲ့ တရားရင်ဆိုင်နေရတာကြောင့် ဒီမတိုင်ခင်မှာ ဒီဥပဒေကို သုံးသပ်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ အခုလို အမျိုးသား လွှတ်တော်အထိ အဆိုတင်သွင်းဖို့ ပါတီက အစည်းအဝေးထိုင် ဆုံးဖြတ်ခဲ့ကြတာလို့ ဦးခိုင်ပြည်စိုးက ဆက်ပြောပါတယ်။
ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေဖော်ပြချက်မှာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတွေရဲ့ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့ မဆန့်ကျင်ရင် ခွင့်ပြုမိန့်ကို ငြင်းပယ်ခြင်းမပြုရလို့ ပြဋ္ဌာန်းထားပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံတ၀န်းမှာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ အလုပ်သမား၊ လယ်သမားတွေက သူတို့ရဲ့ ရပိုင်ခွင့်တွေအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြရာမှာ၊ ဆန္ဒပြခေါင်းဆောင်တွေကို အာဏာပိုင်တွေက ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ပုဒ်မ ၁၈ နဲ့ အရေးယူလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်နေ့ကလည်း ပုဒ်မ ၁၈ ဥပဒေ ရုပ်သိမ်းပေးဖို့ ရန်ကုန်မြို့မှာ ငြိမ်းချမ်းစွာ စီးတန်းလှည့်လည်တဲ့သူတွေကို သက်ဆိုင်ရာ ရဲစခန်းတွေက ပုဒ်မ ၁၈ နဲ့ပဲ တရားစွဲဆိုခဲ့ပါတယ်။