Home
မြန်မာသတင်း
တပြည်လုံး အပစ်ရပ်ကြေညာပေးရန် မွန်ကွန်ဖရင့် တောင်းဆို
နန်းမြနဒီ
·
September 30, 2013
တပြည်လုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေးကို နိုင်ငံတော်အစိုးရက အတိအကျကြေညာပေးရမယ်လို့ မော်လမြိုင်မှာ ၃ ရက်တာ ကျင်းပသွားတဲ့ မွန်အမျိုးသားကွန်ဖရင့်က တောင်းဆိုလိုက်ပါတယ်။ မွန်နိုင်ငံရေးပါတီ၊ မွန်လက်နက်ကိုင်အဖွဲ့နဲ့ လူထုလူတန်းစားအဖွဲ့အစည်း ကိုယ်စားလှယ်တွေ ၃ ရက်တာ ဆွေးနွေးညှိနှိုင်းခဲ့ပြီး တပြည်လုံး အပစ်ခတ်ရပ်စဲရေးလိုလားကြောင်း ဘုံသဘောတူချက် ရရှိခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်ငြိမ်းချမ်းရေး  ရေရှည်တည်တံ့နိုင်ဖို့အတွက် တပြည်လုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်ဖို့နဲ့ အဖွဲ့အစည်းအားလုံးပါဝင်တဲ့ ပင်လုံကဲ့သို့သော ညီလာခံတရပ် ကျင်းပဖို့လည်း တောင်းဆိုတယ်လို့ မွန်ဒီမိုကရေစီပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ၀င်တဦးဖြစ်သူ နိုင်စိုးမြင့်က ပြောပါတယ်။ ဒါ့အပြင်  ဖက်ဒရယ်မူနဲ့ ဖက်ဒရယ်ပြည်ထောင်စု အစစ်အမှန်ပေါ်ပေါက်ဖို့အတွက် အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရေး ဒါမှမဟုတ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သင့်ကြောင်းလည်း သဘောတူခဲ့ပါတယ်။ မွန်အဖွဲ့အစည်းအသီးသီးနဲ့ မွန်တမျိုးသားလုံးစည်းလုံးညီညွတ်ရေးကို ကြိုးစား ဆောင်ရွက်သွားဖို့၊ မွန်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိကျရာအခန်းကဏ္ဍကနေ ဆထက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက် သွားဖို့လည်း  သဘောတူကြပါတယ်။ လာမယ့် ၂၀၀၄ ခုနစ်မှာ မွန်တမျိုးသားလုံးအတိုင်းအတာနဲ့ ညီလာခံကြီးတရပ် ဆက်လက် ကျင်းပသွားဖို့လည်း ဆုံးဖြတ်ချက် ချခဲ့ကြတယ်လို့ နိုင်စိုးမြင့်က ပြောပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ ၃ ရက်တာ ကျင်းပသွားတဲ့ မွန်ဆွေးနွေးပွဲမှာ မွန်ပြည်သစ်ပါတီ၊ မွန်ဒီမိုကရေစီပါတီ ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ မွန်အမျိုးသမီးအဖွဲ့၊ မွန်လူမှုအခြေပြုအဖွဲ့အစည်းတို့ တက်ရောက်ခဲ့ကြပါတယ်။ ကွန်ဖရင့်မှာ နိုင်ငံရေး ဆိုင်ရာ၊ စစ်ရေးဆိုင်ရာ၊ ဒေသဖွံ့ဖြိုးရေးကိစ္စ၊ မွန်အမျိုးသားရေးမဟာဗျူဟာ၊ စာပေယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေး အစရှိတဲ့ စာတမ်းပေါင်း ၈ စောင်ကို ဖတ်ကြား တင်သွင်းခဲ့တယ်လို့ နိုင်စိုးမြင့်က ပြောပါတယ်။ ဒီကွန်ဖရင့်ကို မွန်ပါတီကြီး ၃ ခုက ဦးဆောင်ကျင်းပတာဖြစ်ပြီး ပြည်တွင်းမှာ ပထမဆုံးအကြိမ် ကျင်းပခွင့်ရတဲ့ ဆွေးနွေးပွဲကြီးလည်း ဖြစ်ပါတယ်။ ကွန်ဖရင့်ကို မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိလူကြီးတွေ၊ ၈၈ မျိုးဆက်  ပွင့်လင်းအဖွဲ့အစည်းနဲ့ တိုင်းရင်းသားမဟာမိတ်တွေပါ တက်ရောက်လာပြီး စုစုပေါင်း တက်ရောက်သူ ၃၃၈ ဦး ရှိတယ် လို့ နိုင်စိုးမြင့် ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024