အစုအပြုံလိုက်သတ်ဖြတ်ခဲ့မှု အရေးယူပေးရန် အာဖဂန်နစ္စတန်တွင် လူရာချီ ဆန္ဒပြ

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မှာ စက်တင်ဘာ ၂၉ ရက်နေ့က လူရာပေါင်း များစွာဟာ လမ်းမတွေပေါ် ချီတက်ပြီး ဆိုဗီယက်ကျောထောက်နောက်ခံရှိတဲ့ အစိုးရနဲ့ ဆက်နွယ်တဲ့ နိုင်ငံရေးသမားတွေကို ၁၉၇၈-၇၉ ခုနှစ်တုန်းက လူ ၅၀၀၀ အစုအပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲလိုက်ပြီး ရုံးတင်တရားစွဲဖို့ တောင်းဆိုလိုက်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဒီမြို့မှာ အသတ်ခံလိုက်ရသူ တွေရဲ့ မိသားစုဝင်တွေဟာ အပြစ်ရှိသူတွေကို တရားခွင်ကိုပို့ဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။ ဆန္ဒပြသူတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ စုအတွင်းက လူထုလှုပ်ရှားမှုတွေထဲမှာ အသတ်ခံလိုက်ရသူတွေအတွက် တရားမျှတအောင်ဆောင်ရွက်ပေးဖို့လည်း ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။ ''အာဖဂန်နစ္စတန် ပြည်သူ့ဒီမိုကရက်တစ်ပါတီရဲ့ ပါတီဝင်တွေကို အရေးယူပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ ဒီကနေ့ အစိုးရနဲ့ လွှတ်တော်ထဲမှာတောင် သူတို့က ရှိနေတုန်းပါ” လို့ ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ Hafiz Rasikh ကပြောပါတယ်။ သူတို့တွေဟာ ၂၇ ရက်နေ့ည သန်းခေါင်ယံလောက်မှာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့အတူ သေဆုံးသူတယောက်ချင်းစီအတွက် ဖယောင်းတိုင်ထွန်းညှိ ဆုတောင်းပွဲ ကျင်းပခဲ့ကြပါတယ်။ ''မိစ္ဆာဒိဠိတွေရဲ့လက်ချက်နဲ့ကျဆုံးခဲ့ရတဲ့ သွားလေသူအတွက် ၃၄ နှစ်ပြည့် အထိမ်းအမှတ်ကျင်းပဖို့ ဒီကိုလာခဲ့တာပါ။ တရားခံတွေကို လွှဲပြောင်းပေးစေချင်ပါတယ်။ တို့ကြိုက်တဲ့နည်းနဲ့ သတ်ခွင့် ပြုစေချင်ပါတယ်။ တို့မိသားစုတွေကိုဖျက်စီးခဲ့တဲ့နည်းအတိုင်း သူတို့ မိသားစုတွေကိုဖျက်ဆီး ပစ်ချင်တယ်။ တို့က မကြောက်ဘူး။ ဒါက သမ္မတဟာ မစ်ကာဇိုင်းဆီက တို့လိုချင်တဲ့အချက်ပဲ။ အဲဒီတရားခံတွေကို တို့လက်ကို လွှဲပေးပါ” လို့ ၁၉၇၈ ခုနှစ်က အသတ်ခံလိုက်ရတဲ့ လူရဲ့ဇနီး မာဇီယာဂျန် ကပြောပါတယ်။ အရင်အစိုးရလက်ထက်က မိသားစုဝင်ခြောက်ယောက်ဆုံးရှုံးခဲ့ရတဲ့ နီမတ်ခန်းကလည်း ဖယောင်းတိုင်ထွန်းညှိ ဆုတောင်းပွဲကို ၀င်ရောက်ဆင်နွှဲခဲ့ပါတယ်။ ''အာဖဂန်နစ္စတန်မှာ သေဆုံးခဲ့ပါတယ်လို့ နာမည်အတည်ပြုထားတဲ့ လူ ၅၀၀၀ ဆိုတာ အရေအတွက်နည်း ပါတယ်။ နောက်ထပ်ထောင်ပေါင်းများစွာ အသတ်ခံရတာ ရှိပါသေးတယ်။ နာမည်ကိုတော့ ခုထိ အတည်မပြုနိုင်သေးဘူး။ ဒါကြောင် လူသတ်သမားတွေကို တရားစွဲဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ အာဖဂန်နစ္စတန် ပြည်သူ့ဒီမိုကရက်တစ်ပါတီက Parcham ပါချန်းအုပ်စုပဲဖြစ်ဖြစ် Khalq ခါ့လလက်ခ်အုပ်စုပဲ ဖြစ်ဖြစ် အရေးမကြီးပါဘူး။ အာဇာနည်တွေကို သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်ကို ကြိုးကိုင်ခဲ့တဲ့ ဘယ်ခေါင်းဆောင်ကိုမဆို တရားခွင် ပို့ပြီး ထိထိရောက်ရောက်အရေးယူသင့်တယ်''လို့ နီမတ်ခန်းက ပြောသွားတာပါ။ နယ်သာလန်နိုင်ငံရဲတပ်ဖွဲ့က ပို့ပေးတဲ့ ၁၉၇၀ ခုနှစ်များအတွင်းမှာ သေဆုံးခဲ့ရသူတွေရဲ့ အသေအပျောက် စာရင်းကို အာဖဂန်နိုင်ငံရဲ့ လွတ်လပ်သော လူ့အခွင့်အရေးကောင်မရှင် (AIHRC) က အတည်ပြုလိုက်တဲ့ အချိန်မှာပဲ ဒီဆန္ဒပြပွဲစတင်ခဲ့တာပါ။ အဲ့ဒီစာရင်းဟာ ပြည်တွင်း မီဒီယာတွေမှာလည်း ဖော်ပြခံခဲ့ရပါတယ်။ စာရင်းထဲမှာ အရင် အာဖဂန်နိုင်ငံလုံခြုံရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အာဖဂန် ထောက်လှမ်းရေး အရာရှိတွေရဲ့အမိန့်အရ အသတ်ခံခဲ့ရသူ ၅၀၀၀ ရဲ့ အမည်တွေ ပါပါတယ်။ ထောက်လှမ်းရေးအဖွဲ့က ထိန်းသိမ်းထား တဲ့သူတွေကို ရိုက်နှက်နှိပ်စက်တာ၊ ၀အောင် အိပ်ခွင့်မပေးတာ စတဲ့ ညှဉ်းပန်းမှုတွေကိုပါ ဒီစာရင်းထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။ နယ်သာလန်နိုင်ငံရဲတပ်ဖွဲ့ကပြုစုခဲ့တဲ့စာရင်းထဲမှာ ၁၉၇၈ ခုနှစ်ကနေ ၁၉၇၉ ခုနှစ်အတွင်း အသတ်ခံရသူတွေရဲ့အမည် အဖအမည် အလုပ်အကိုင် နေရပ်လိပ်စာ တင်ထားတဲ့စွဲချက် ကအစ အပြည့်အစုံဖော်ပြ ပါရှိတယ်လို့ အာဖဂန်နိုင်ငံ၏ လွတ်လပ်သော လူ့အခွင့်အရေးကောင်မရှင် (AIHRC) က ဆိုပါတယ်။

More News
Up