မြန်မာ-ထိုင်းနယ်စပ် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ မဇ္ဈိမလူမှုရေးအသင်းက ဥက္ကဋ္ဌ ဦးတင့်ဆွေနဲ့ အန်အယ်လ်ဒီပါတီက ဦးကျော်မြင့်ကို တပ်မတော်က ပြီးခဲ့တဲ့ညမှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
အန်အယ်လ်ဒီပါတီဝင် ဦးကျော်မြင့်ရဲ့ နေအိမ်မှာ လက်နက်ကိုင်ထားတဲ့ တပ်ဖွဲ့ဝင်တွေက လာခေါ်ချိန် အိမ်ရှင်အမျိုးသမီးတဦးက “ဆရာတို့ လုပ်တာလွန်သွားပြီ၊ အခုထွက် ကျနော်တို့က လက်မခံဘူး၊ အတင်းမလုပ်နဲ့” လို့ ပြောကြားခဲ့ပါတယ်။
လာရောက်ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဦးကျော်မြင့်က ကျနော် မလိုက်နိုင်ကြောင်းနဲ့ ခေါ်ဆောင်သွားမယ့်နေရာ တိတိကျကျ ပြောဖို့ ပြန်လည်ပြောဆိုနေတာ ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။
တပ်အရာရှိတဦးက “ကျုပ်က တာဝန်အရဖမ်းတာ၊ ခင်ဗျား လိုက်မလား မလိုက်ဘူးလား Yes or No ပဲပြော။ ကျနော်တို့ မေးစရာရှိလို့ အကို့ကို ခဏခေါ်မယ်။ သက်ဆိုင်ရာ ဗျူဟာဖြစ်ဖြစ်၊ ရဲစခန်းပဲဖြစ်ဖြစ်ခေါ်မယ်” လို့ ပြောပါတယ်။
တပ်က လာရောက်ခေါ်ဆောင်ချိန် ရုပ်သံရိုက်နေသူကိုလည်း တပ်အရာရှိက “ရိုက်လို့ ဂရုစိုက်လို့ ပြောတာမဟုတ်ဘူး၊ ရိုက်လည်း ခေါ်မယ် မရိုက်လည်း ခေါ်မယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဦးကျော်မြင့်ကို တာချီလိတ် စစ်ဗျူဟာမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပြီး မိသားစုနဲ့ အဆက်အသွယ်မရရှိသေးပါဘူး။