တပ်မတော်အာဏာသိမ်းမှုကို လက်မခံကြောင်း ညောင်လေးပင်မြို့နယ်မှာ လူဦးရေထောင်ချီ ဖေဖော်ဝါရီလ ၈ ရက်နေ့မနက် ၉ နာရီမှာ ဆန္ဒပြခဲ့ကြပါတယ်။
စစ်အစိုးရ အလိုမရှိ စစ်အာဏာရှင်စနစ် အလိုမရှိ၊ အမေစု ကို ချက်ချင်းလွှတ်၊ သမ္မတကြီးကို ချက်ချင်းလွှတ်၊ မတရားမှုမှန်သမျှ ဖီဆန်ကြ စတဲ့ ကြွေးကြော်သံတွေနဲ့ ဗိုလ်ချုပ်လမ်း မီးပွိုင့်မှာစုကာ မြို့နယ်အတွင်း ဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ ကြပါတယ်။
ဆန္ဒထုတ်ဖော်ရာမှာ ကျောင်းသားလူငယ်အများစုနဲ့ ဌာနဆိုင်ရာဝန်ထမ်းတချို့လည်း ပါဝင်လာခဲ့ပါတယ်။
ညောင်လေးပင်မြို့မှာ ဖေဖာ်ဝါရီလ ၇ ရက်နေ့ညကစတင်ကာ ဆိုင်ကယ်တွေနဲ့ လှည့်လည် ဆန္ဒပြခဲ့တာဖြစ်ပြီ ဒီနေ့ဟာ စစ်အာဏာသိမ်းပြီနောက် ဒုတိယနေ့ အင်အားအများဆုံးဆန္ဒပြမှုလည်း ဖြစ်ပါတယ်။
ဖေဖာ်ဝါရီလ ၉ ရက်နေ့မှာ အထွေထွေသပိတ်ကို ထက်မံကျင်းပသွားမယ်လို့ ဆန္ဒပြရာပါဝင်သူ ကိုသန်းထိုက်က ပြောပါတယ်။
ဒီနေ့ ဆန္ဒပြပွဲကို ဆိုင်ကယ်များ ကားများနဲ့လည်း ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဆန္ဒထုတ်ဖော်ရာ လမ်းအချို့မှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေ အနည်းငယ်ရှိပေမယ့်လည်း ဆန္ဒပြသူများကို တားဆီးတာမျိုးမရှိခဲ့ပါဘူး။
သတင်း - နေလင်းထိုက်