ကမ္ဘောဒီးယား အထည်ချုပ် အလုပ်သမား ၂၀၀၀ ခန့် ဆန္ဒပြ

2.2K
ကမ္ဘောဒီးယား အထည်ချုပ် စက်ရုံ အလုပ်သမား ၂၀၀၀ လောက်ဟာ ဖနွမ်းပင်မြို့တော် လမ်းမတွေပေါ်မှာ လုပ်ခလစာ တိုးပေးဖို့နဲ့ အပိုဆုကြေးငွေ တိုးပေးဖို့ စက်တင်ဘာ ၂၇ ရက်နေ့ က ဆန္ဒပြခဲ့ကြပါတယ်။
အမျိုးသမီး အများစုပါဝင်တဲ့ ဆန္ဒပြသူတွေဟာ သူတို့ စက်ရုံတွေ ရှိရာကနေ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆင်ရဲ့ နေအိမ်ကို ချီတက်သွားဖို့ စီစဉ်ခဲ့ပေမယ့် လမ်းမှာ ရဲတွေရဲ့ တားဆီးမှုကို ခံခဲ့ကြရပါတယ်။
ဖနွမ်းပင်က တပ်ထိန်း ရဲချုပ် ရော့သ် ဆရီရင်းက ၀န်ကြီးချုပ်ကို လိုအပ်ချက်တွေ တောင်းဆိုဖို့ စာပေးပို့ဖို့အတွက် ကိုယ်စားလှယ် ၃၀ ကို ခွင့်ပြုပေးမယ်လို့ ဆန္ဒပြသူတွေကို ပြောခဲ့ပါတယ်။
အလုပ်သမားတွေဟာ အနိမ့်ဆုံး လစာ ၈၀ ဒေါ်လာကနေ ၁၅၀ ကိုတိုးပေးဖို့ တောင်းဆိုနေကြပါတယ်။
အလုပ်သမားတွေဟာ ဩဂုတ်လ ၈ ရက်နေ့က စပြီး ဆန္ဒပြမှု အကြိမ်ကြိမ် လုပ်ခဲ့ပေမယ့် အခုအချိန်ထိတော့ တောင်းဆိုချက်တွေ မရသေးပါဘူး။
အလုပ်သမားတွေဟာ အဖြေရဖို့ ကိစ္စမှာ ကြားမှာ ခံနေတယ်လို့ စွပ်စွဲထားတဲ့ မန်နေဂျာကို အလုပ်ဖြုတ်ပစ်ဖို့လည်း အစိုးရကို တောင်းဆိုနေကြပါတယ်။
ကမ္ဘောဒီးယား အထည်လုပ်ငန်း လုပ်သား ဒီမိုကရက်တစ် သမဂ္ဂများ ညွန့်ပေါင်းအဖွဲ့ရဲ့ ဒု ဥက္ကဋ္ဌ ဘွန် နိုအန်က စက်ရုံပိုင်ရှင်တွေဟာ ဆွေးနွေးပွဲကို ရှောင်ထွက်သွားတယ်လို့ ပြောပါတယ်။
“ဒါဟာ သူတို့ အနေနဲ့ အစိုးရ အဖွဲ့အစည်းတွေကို ဒါမှမဟုတ် အလုပ်သမားတွေကို တန်ဖိုးမထားဘူးဆိုတာ ပြတာပဲ။ ဒါကြောင့် ဒီနေ့ အလုပ်သမားတွေဟာ ၀န်ကြီးချုပ် ဟွန်ဆန် ဆီကို အဖြေရှာပေးဖို့ ကန့်ကွက်စာပို့ဖို့ ဆန္ဒပြတာဖြစ်တယ်။”
စက်ရုံတွေဟာ နိုင်ငံတကာ တံဆိပ်ရှိတဲ့ ကုမ္ပဏီတွေအတွက် ထုတ်လုပ်နေတာဖြစ်ပြီး အလုပ်သမား ၆၀၀၀ လောက်ကို အလုပ်ခန့်ထားတာ ဖြစ်ပါတယ်။
လယ်ယာ လုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းပြီးရင် အထည်လုပ်ငန်းဟာ ကမ္ဘောဒီးယား နိုင်ငံအတွက် တတိယအကြီးဆုံး ၀င်ငွေရှာပေးနေတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်တုန်းကတော့ အမေရိကန်နဲ့ ဥရောပကို ရောင်းချမှု ကျဆင်းသွားတဲ့အတွက် ဒီကဏ္ဍမှာ အလုပ်သမား ၃ သောင်းလောက် အလုပ်ပြုတ်သွားခဲ့ပါတယ်။
အစီရင်ခံစာတွေအရ ကမ္ဘောဒီးယားနိုင်ငံဟာ မနှစ်ကဒေါ်လာ ၂.၃ ဘီလီယံဖိုး အထည်စတွေ၊ အ၀တ်အစားတွေနဲ့ ဖိနပ်တွေကို နိုင်ငံခြားကို တင်ပို့ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ကတော့ ဒေါ်လာ ၂.၉ ဘီလီယံ အထိ ရှိခဲ့ပါတယ်။ အဲဒီထဲက ထက်ဝက်ဟာ အမေရိကန်ကို တင်ပို့တာ ဖြစ်ပါတယ်။


