တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒီကနေ့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဒေါက်တာ မြင့်နိုင်ခေါင်းဆောင်တဲ့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့သာလျှင် စစ်ကိုင်းတိုင်းအစိုးရရဲ့ တရားဝင်အစိုးရအဖြစ်ဆက်လက်ရှိနေကြောင်း ကြေညာလိုက်ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်မနက်က မုံရွာမြို့ မြို့သစ်ရပ်ကွက်မှာ စစ်ကိုင်းတိုင်းလွှတ်တော် အစည်းအဝေး ကျင်းပခဲ့တာလို့ ကနီမြို့နယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။
"လွှတ်တော်အဆောက်အုံအတွင်းတော့မဟုတ်ဗျ။ တက်ရောက်သူ ၆၇ ယောက်ရှိတယ်။ နောက်ပြီးအစည်းအဝေး တက်လာသူအားလုံးရဲ့ သဘောဆန္ဒအရ အချက်(၈)ချက်ပါတဲ့ ကြေညာချက် တစ်စောင်ထုတ်ပြန်နိုင်ခဲ့ပါတယ်”။
ဥပဒေမဲ့ နိုင်ငံတော်အာဏာသိမ်းယူခဲ့တဲ့ စစ်အာဏာသိမ်းအဖွဲ့က ဦးဆောင်ဖွဲ့စည်းတဲ့ ဘယ်အဖွဲ့အစည်းကိုမှ အသိအမှတ်ပြုမှာမဟုတ်ကြောင်းနဲ့ ဒီအဖွဲ့တွေဟာ တရားမဝင်တဲ့အကြောင်းလည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အလားတူ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်းထားပြီး နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ခေါင်းဆောင်တဲ့ ပြည်ထောင်စု အစိုးရသာလျှင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တယ်လို့ ကြေညာထားပါတယ်။
လက်ရှိအချိန်မှာ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ မြန်မာနိုင်ငံအနှံ့ အပြားမှာ အင်တိုက်အားတိုက်ပြုလုပ်နေကြပါတယ်။