လူ ၇၂ ဦးသေဆုံးခဲ့မှု သံသယရှိသူကို ဖမ်းပေးရန် ကင်ညာအစိုးရ တောင်းဆို

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့က ကုန်တိုက်မှာ လူ ၇၂ ယောက် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုမှာ အနီးစပ်ဆုံး တရားခံလို့ ယူဆရတဲ့ ဗြိတိန်ဖွား တောင်အာဖရိကနိုင်ငံသား အမျိုးသမီးတဦးကို အမြန်ဆုံးဖမ်းပေးဖို့ ကင်ညာအစိုးရက နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်)ကို တောင်းဆိုထားပါတယ်။ ကင်ညာရဲတပ်ဖွဲ့ကလည်း အယ်လ်ကေဒါးချိတ်ဆက် အလ်ရှာဘာ့ဘ်အဖွဲ့ လုပ်ဆောင်တာလို့ ထုတ်ပြောထားတဲ့ ကုန်တိုက်စီးနင်းမှုအတွက် စုံစမ်းစစ်ဆေးမှုတွေ တိုးမြှင့် ဆောင်ရွက်နေပါတယ်။ ကုန်တိုက်စီးနင်းတိုက်ခိုက်ခံရမှုအပေါ် ကင်ညာအစိုးရရဲ့ စုံစမ်းစစ်ဆေးမှုမှာ  ဗြိတိန်၊ အမေရိကန်၊ အစ္စရေးလ်နဲ့ တခြားနိုင်ငံတွေက အေဂျင်စီတွေကိုလည်း အင်တာပိုလ်က ဆက်သွယ် အကူအညီ တောင်းထားပါတယ်။ ဗြိတိန်ဖွား တောင်အာဖရိကနိုင်ငံသား အသက် ၂၉ နှစ်အရွယ် ဆမန်သာ လျူသ်ဝိတ် အမည်ရှိ အမျိုးသမီးကို အနီရောင်အဆင့် သတိပေးချက် သတ်မှတ်ထားတယ်လို့ ကင်ညာအစိုးရက စက်တင်ဘာ ၂၅ ရက်က ပြောကြားထားပါတယ်။ လျူသ်ဝိတ်ဟာ ၂၀၀၅ ခုနှစ်တုန်းက လန်ဒန်ရဲ့ သွားလာရေးစနစ်ကို တိုက်ခိုက်ခဲ့တဲ့ အသေခံဗုံးခွဲသမားတယောက်ရဲ့ဇနီးမုဆိုးမဖြစ်ပြီး ၂၀၁၁ ခုနှစ်တုန်းက ဆိပ်ကမ်းမြို့ဖြစ်တဲ့ မွမ်ဘာဆာမှာ ဟိုတယ်တွေနဲ့ စားသောက်ဆိုင်တွေကို ဗုံးခွဲရန်ကြံစည်မှုနဲ့ အလိုရှိနေတဲ့သူလို့ အင်တာပိုလ်က အခိုင်အမာ ပြောထားပါတယ်။ အခုတိုက်ခိုက်မှုမှာ ဒီအမျိုးသမီး ပါဝင်တဲ့အခန်းကဏ္ဍကို အတည်ပြုဖို့ လိုနေသေးပေမယ့် သူဟာ ဖောက်ခွဲရေးပစ္စည်းတွေကို လက်ဝယ်ထားရှိမှုနဲ့ ရာဇ၀တ်မှုကို ကျူးလွန်ရန် လျှို့ဝှက် ကြံစည်မှုတွေနဲ့ အလိုရှိနေသူဖြစ်တယ်လို့ ကင်ညာနိုင်ငံ ရာဇ၀တ်မှုစုံစမ်းရေးဌာန ညွှန်ကြားရေးမှူး အန်ဒဂ်ဝါ မူဟိုရိုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up