ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ကနောင်စု၊ ရပ်ကွက် ရတနာပုံ ၃ လမ်း နေသူအမျိုးသမီး တဦးအား သံပုံးတီးလို့ဆိုပြီး ပုဒ်မ ၄၇ နဲ့ အမှုဖွင့်ကာ ထောင်ဒဏ် ၇ ရက်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၄ ရက်ညက ကနောင်စုရတနာပုံ ၃ လမ်းနဲ့ ၄ လမ်းက အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၃ ဦးတို့ကို သံပုံးတီးလို့ ဟင်္သာတမြို့မရဲစခန်းက ဖမ်းဆီးခဲ့ပြီး ဒီနေ့ နေ့လယ်ပိုင်းမှာ အမျိုးသမီး ၁ ဦးအား မြို့နယ်တရားရုံးက ထောင်ဒဏ် ၇ ရက်ချမှတ်ခဲ့တာလို့ သိရပါတယ်။
ကျန်ရှိသူ ၅ ဦးကိုလည်း ပုဒ်မ ၄၇ နဲ့ အမှုဖွင့်ထားကာ လာမယ့် တနင်္လာနေ့ ရုံးတင်မှာဖြစ်ပြီး လက်ရှိမှာ အာမခံပေးထားတယ်လို့ သိရပါတယ်။
တခြား ရပ်ကွက်တွေက သံပုံးတီးတဲ့ ပြည်သူတွေကို ဖမ်းဆီးတာရှိမရှိ ဟင်္သာတမြို့မရဲစခန်းမှူးကို ဆက်သွယ်မေးမြန်းရာမှာ မဖြေကြားခဲ့ပါဘူး။