Home
မေးမြန်းခန်း
“စစ်ကျွန်ဘဝပြန်သွားမလား၊ ဖိနှိပ်မှုကို တွန်းလှန်မလား”- ဦးအောင်မျိုးမင်း
DVB
·
February 5, 2021

မြန်မာပြည်မှာ စစ်အာဏာသိမ်းမှုကို စိုးရိမ်ပူပန်ကြောင်းနဲ့ အာဆီယံပဋိညာဉ်နဲ့ အာဆီယံ လူ့အခွင့်အရေးကြေညာချက်တွေမှာ အလေးအမြတ်ပြုကာ ထည့်သွင်းထားတဲ့ အခြေခံမူမတွေကို လေးစား လိုက်နာဖို့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံ လေးနိုင်ငံရဲ့  အာဆီယံ လူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်တွေက ဒီကနေ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ 

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး မြန်မာပြည်တွင်းမှာ လူ့အခွင့်အရေးပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။ 

မေး ။ ။ အာဆီယံနိုင်ငံ လေး နိုင်ငံရဲ့ အစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်တွေက မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။ ။ အရင်တုန်းက ထုတ်ပြန်ခဲ့တာကတော့ အာဆီယံနိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေကပဲ ဆွေးနွေးပြီးတော့ပြောတဲ့အချက် ဖြစ်ပါတယ်။ ဒါကတော့ နိုင်ငံရေးအရ ရှုမြင်ပြီးတော့ ထုတ်ပြန်တဲ့အချက်ဖြစ်တယ်။ ထုံးစံအတိုင်းပဲ အာဆီယံဖြစ်တဲ့နေရာမျိုးမှာ သူတို့အ‌နေနဲ့ သူတို့ရဲ့အကျိုးစီးပွားနဲ့ ရပ်တည်ချက်ကတော့ အမြဲတမ်း ကွဲလွဲတာပေါ့နော်။ ဒါကြောင့်မို့ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက အားလုံးကနေတူညီတဲ့ ပုံစံတော့မရခဲ့ဘူး။ ကမ္ဘောဒီးယားတို့ ဖိလစ်ပိုင်တို့က ဒါကပြည်တွင်းရေးလို့ပြောပေမယ့် အင်ဒိုနီးရှား စတဲ့နိုင်ငံတွေကတော့ အာဆီယံရဲ့ လမ်းစဉ်အတိုင်းပဲ ဒီအရာတွေက ဒေသဆိုင်ရာမှာထိခိုက်တယ်လို့ပြောသွားပါတယ်။ဒါပေမဲ့ ဒီကနေ့သူတို့ ထုတ်ပြန်တဲ့ ကြေညာချက်ကတော့  အစိုးရမဟုတ်ဘဲနဲ့ အစိုးရတွေကနေ စေလွှတ်ထားတဲ့ အာဆီယံ အစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အဖွဲ့၀င်တွေကနေ ထုတ်ပြန်တာဖြစ်ပါတယ်။ လူ့အခွင့်အရေးကော်မရှင်လည်း အဲဒီအတိုင်းပါပဲ။ အားလုံးရဲ့သဘောတူချက်ရမှ ထုတ်ပြန်ချက်ကို ထုတ်လေ့ရှိပါတယ်။”

ဒါကတော့ အာဆီယံမူဝါဒ။ ဒါပေမဲ့ အခု ဒီလူ့အခွင့်အရေးကော်မရှင်၀င် ဆယ်ဦးမှာ အခုဆို လေးဦး(အင်ဒိုနီးရှား၊စင်္ကာပူ၊မလေးရှား နဲ့ ထိုင်း )အဲဒီနိုင်ငံတွေကနေ ဒီလိုမျိုးအရာကို လုပ်ဆောင်တယ်ဆိုတော့ အာဆီယံရဲ့ အစဉ်အလာကို လူ့အခွင့်အရေးကော်မရှင်က ကျော်လွန်လိုက်တာပေါ့နော်။ အရင်ကလို အားလုံးသဘောတူမှ လုပ်တာမဟုတ်တော့ဘဲနဲ့ တကယ်လူ့အခွင့်အရေးလေးစားပြီးတော့ မြန်မာနိုင်ငံအကြောင်းကို အမှန်တကယ်ဖြစ်ချင်တဲ့ ဒီကော်မရှင်၀င် လေးနိုင်ငံကိုယ်စားပြုလုပ်တာ ဒါထူးခြားချက်ဖြစ်ပါတယ်။

မေး။ ။ လေးနိုင်ငံကအစဉ်အလာကို ဖောက်ထွက်ပြီး လုပ်ရလောက်အောင် မြန်မာနိုင်ငံရဲ့ အခြေအနေက လတ်တလော ကာလကို ဘယ်လိုမြင်ပါသလဲ။ ဘာတွေထောက်ပြစရာ အထူးတလည်ရှိတယ်လို့ ထင်မိပါသလဲ။

ဖြေ။ ။ မြန်မာနိုင်ငံအခြေအနေ ထူးခြားတဲ့အချက်ကတော့ ဒီလိုမျိုးရွေးကောက်ပွဲကတစ်ဆင့် ဒီမိုကရေစီကျင့်စဉ်အရ ရွေးချယ်တင် မြှောက်ထားတဲ့ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုရုံမကပဲ ဒီအစိုးရကို ဖမ်းဆီးတာတွေ လုပ်‌ဆောင်ခြင်းက ဒါပိုပြီး ဆိုးရွားသွားတယ်။ နောက်တစ်ခါမှာ ကျနော်တို့ ဒီလိုမျိုးလုပ်ဆောင်တဲ့ အခြေအနေက မြန်မာနိုင်ငံက အစဉ်အလာအမြဲတမ်းရှိခဲ့ပါတယ်။ ဒီတပ်မတော်ရဲ့ အာဏာသိမ်းမှုက တိုင်းပြည်ကို ချောက်ထဲကျဖို့ အတွက်ကယ်တင်တယ်လို့ပြောပေမဲ့ နောက်ပြန်ဆွဲနေတဲ့ အရာတွေက အမြဲတမ်းဖြစ်တဲ့အတွက် လက်ရှိရှိနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းရယ်၊ ငြိမ်းချမ်းရေး လမ်းကြောင်းတွေကို ထိခိုက်စေနိုင်တယ်။ ဒီဟာတစ်ခုက ပိုပြီးအာရုံစိုက်စရာဖြစ်တယ်။

နောက်တစ်ခါမှာမြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အကြောင်းအရာအများဆုံးဖြစ်တဲ့ တိုင်းရင်းသားလူနည်းစုအပေါ်မှာ ခွဲခြားမူတွေအကြမ်းဖက်မှုတွေက အာဆီယံမှာ ဖြစ်လာပြီးသား ဆိုတော့ဒါမျိုးတွေသာ ဆက်ပြီး အာဏာသိမ်းမှု ရှိနေမယ်ဆိုရင် ဒေသဆိုင်ရာပြဿနာတွေဖြစ်တဲ့ ဒုက္ခသည်တွေ နောက်တစ်ခါ ရွေ့ပြောင်းသွားလာမှုအရေးတွေက ပိုမိုထိခိုက်နိုင်တယ်ဆိုတဲ့ ဒေသဆိုင်ရာအမြင်နဲ့ သုံးသပ်ချက်ကြောင့် အခုလိုမျိုးပိုပြီး အရေးစိုက်လုပ်ဆောင်တာဖြစ်ပါတယ်။ နောက်တစ်ခုကဒီကော်မရှင်ထဲမှာဆိုရင် ဒီနိုင်ငံလေးနိုင်ငံက လူ့အခွင့်အရေးကော်မရှင်လေးဦးက တကယ့်လူ့အခွင့်အရေးကို အရင်ထဲက ကော်မရှင်၀င်မဖြစ်ခင်ကတည်းက ရပ်တည်ခဲ့တဲ့ သူတွေဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရရှိရေးအတွက် လှုပ်ရှားပြီးတော့ ပါ၀င်ခဲ့ကြတဲ့ သူတွေဖြစ်တဲ့အတွက် သူတို့ကမြန်မာနိုင်ငံကို ဒီမိုကရေစီနောက်ပြန်သွားတဲ့ ပုံစံမျိုး ၊ လူ့အခွင့်အရေးချိုးဖောက်မူကြောင့် နောက်ကြောင်းပြန်ရောက်သွားတဲ့ပုံစံမျိုး မဖြစ်စေချင်တဲ့ အရာ လည်းရှိပါလိမ့်မယ်ဗျ။

မေး ။ ။ ကြေညာချက်မှာပါတဲ့ အာဆီယံချာတာ လူ့အခွင့်အရေးကြေညာစာတမ်းကို မြန်မာလက်မှတ်ထိုးထားတဲ့အပေါ် ဘယ်လိုအခြေအနေတွေရှိမလဲ ပြောပြပေးပါ။

ဖြေ ။ ။ အာဆီယံချာတာ ဆိုတာကတော့ အာဆီယံဆယ်နိုင်ငံစလုံးက အတည်ပြုလေးစားရမယ်ဆိုတဲ့ အာဆီယံဆိုင်ရာဖွဲ့စည်းပုံ အခြေခံဥပဒေလို့ပြောလို့ရပါတယ်။ အရင်တုန်းက မရှိပေမဲ့ ၂၀၀၈ ခုနှစ်မှာစတင်ပေါ်ပေါက်ခဲ့တယ်။ အဲ့ထဲမှာဆိုလို့ရှိရင်တော့ အရင်တုန်းကအာဆီယံမှာ မပါခဲ့တဲ့ လူ့အခွင့်အရေးထွန်းကားရေး၊ ဒီမိုကရေစီထွန်းကားရေး ဆိုတဲ့အချက်တွေကို ပါ၀င်ခဲ့တယ်။ ဒါကြောင့်မို့လို့ အာဆီယံ ၁၀နိုင်ငံစလုံးက လက်မှတ်ထိုးထားတဲ့အတွက်ကြောင့်မို့လို့ ဒီဒေသအတွင်းမှာရော နိုင်ငံအတွင်းမှာရော ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မချိုးဖောက်ရဘူး။ ဒါတွေကို ထွန်းကားအောင် လုပ်ဆောင်ရမယ်ဆိုတဲ့ အချက်တွေပါ၀င်ပါတယ်။

နောက်တစ်ခါ အဲ့ဒီအာဆီယံချာတာမှာ လူထု ဖြစ်စေချင်တာကို လေးစားရမယ် ဆိုတဲ့အချက်ပါ လူထုကိုအခြေပြုတဲ့အရာမျိုးဖြစ်ရမယ် ဆိုတဲ့အချက်ကလဲအဓိကအချက်ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ အခုလိုမျိုးမြန်မာပြည်မှာဖြစ်နေတဲ့အရာက လူထုရဲ့အသိအမှတ်ပြုမှုကို တိုက်ရိုက်စော်ကားပြီးတော့ အာဏာသိမ်းမူ ဖြစ်တာ နောက်တစ်ခါမှာ ဒီလိုမျိုးလုပ်ဆောင်မှုက ဘယ်လိုမှ ဒီမိုကရေစီလမ်းကြောင်းအတိုင်းလဲမရှိဘူး။ လူ့အခွင့်အရေးအရ ချိုးဖောက်မူတွေ အခုဆိုစနေပါပြီ။ ဖမ်းဆီးမူတွေ ထုတ်ဖော်မှု‌တွေကိုအကြမ်းဖက်ဖြေရှင်းတာတွေ ဖြစ်လာတဲ့အတွက် အာဆီယံချာတာနဲ့ ဘယ်လိုမှ မကိုက်ညီတဲ့အချက် ကိုထောက်ပြတာဖြစ်ပါတယ်ခင်‌ဗျ။ 

မေး ။ ။ နောက်ထပ်ဘာများပြောချင်ပါသေးလဲ။

ဖြေ ။ ။ အခုချိန်ထိတော့ ပြင်းပြင်းထန်ထန် ဆောင်ရွက်မှုမရှိသေးပါဘူး ဒါပေမဲ့ ကျနော်တို့မှာ ဒီလိုမျိုးအရာတွေကြောင့်မို့လို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်မယ်။ ထိတ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပြီးတော့ အကြမ်းဖက်မှုတွေဖြစ်ပေါ်စေမဲ့အရာကို ကျနော်စိုးရိမ်တယ်။ ကျနော်တို့ တစ်သက်လုံး အရင်တုန်းက ဖြစ်ခဲ့တဲ့အခြေအနေကို ပြန်ပြီးသုံးသပ်ဖို့လိုအပ်ပါတယ်။ နောက် စစ်ကျွန် အဖြစ်နေခဲ့ရတဲ့ဘ၀ အဲ့ဒီဘ၀ကိုပြန်သွားမလား ကိုယ့်ရဲ့ ဒီမိုကရေစီ အသီးအပွင့်နဲ့ လူ့အခွင့်အရေးလေးစားမှုကို ထုတ်ဖော်ပြီး ဖိနှိပ်မှုကိုတွန်းလှန်မလားဆိုတာကို ပြည်သူလူထု စဉ်းစားဖို့အချိန်ရောက်ပါပြီ ခင်ဗျာ။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Photo- Aung Myo Min Facebook

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024