တပ်မတော်က အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့ ထားဝယ်မြို့ ကျောင်းသားလူငယ်တွေက ဖေဖော်ဝါရီ ၅ ရက်နေ့ မနက် ၉ နာရီခွဲမှာ မြို့တွင်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ထားဝယ်နည်းပညာ တက္ကသိုလ်ကျောင်းသားတွေက ဦးဆောင်ပြီး ထားဝယ်တက္ကသိုလ်က ကျောင်းသားတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြကာ ထားဝယ်မြို့ ကျောက်မော်လမ်းဆုံ ဓာတ်ဆီဆိုင်ရှေ့ကနေ အာဇာနည်လမ်းမတိုင်း နာရီဝက်ဝန်းကျင်လောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်ပွဲကို ကျောင်းသားအင်အား ၃၀ ဝန်းကျင်နဲ့ ပြခဲ့တာဖြစ်ပြီး ပြည်သူအချို့က ဆိုင်ကယ်တွေနဲ့ ဝန်းရံခဲ့ကြပါတယ်။
ပြည်သူ့ဆန္ဒနဲ့ ရွေးချယ်ထားတဲ့ အစိုးရနဲ့ လွှတ်တော်ကိုအမြန်ဆုံးအာဏာလွှဲပြောင်းပေးရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းသွားရေး၊ စစ်အာဏာရှင်စနစ် အလိုမရှိ၊ စစ်အာဏာရှင်စနစ် ကျရှုံးရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
အခုလို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို ထားဝယ်မြို့က ပြည်သူတွေ ပူးပေါင်း ပါဝင်လာအောင် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး အပွန်းအပဲ့ အနည်းဆုံးဖြစ်အောင် စီမံထားကာ ပြည်သူတွေ ပူးပေါင်းပါဝင်လာမှုပေါ်ကြည့်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ရေးကို အရှိန်ဟုန်မြင့် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။