ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ချက် ( ၄ ဖေဖော်ဝါရီ ၂၀၂၁)
လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဘာဘရာဝုဒ်ဝါ့ဒ် ( ယူကေနိုင်ငံ)သည် အောက်တွင်ဖော်ပြထားသော လုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်ကို ယနေ့ထုတ်ပြန်လိုက်သည်။
ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၌ စစ်တပ်က အရေးပေါ်အခြေအနေ ကြေညာခြင်း အပေါ်တွင် လည်းကောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် အစိုးရအဖွဲ့ဝင်များအား အဓမ္မထိန်းသိမ်းခြင်းအပေါ်တွင်လည်းကောင်း၊ လုံခြုံရေးကောင်စီ၏အဖွဲ့ဝင်များက လွန်စွာစိုးရိမ်ကြောင်း ဖော်ပြအပ်ပါသည်။ ဖမ်းဆီးထိန်းသိမ်းထားသော ပုဂ္ဂိုလ်များအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးရန် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုအား ဆက်လက်ထောက်ခံအားပေးရန် လိုအပ်ကြောင်းကို လုံခြုံရေးကောင်စီအဖွဲ့ဝင်များက အလေးအနက်ပြုပါသည်။ ဒီမိုကရေစီဆိုင်ရာ အဖွဲ့အစည်းများနှင့် လုပ်ငန်းစဉ်များကို ထိန်းသိမ်းရန်၊ အကြမ်းဖက်မှုကို ရှောင်ရှားရန်၊ လူ့အခွင့်အရေးများ၊ အခြေခံလွတ်လပ်ခွင့် များနှင့် တရား ဥပဒေစိုးမိုးမှုကို အပြည့်အဝ လေးစားရန် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက အထူးအလေးထား ပြောကြားပါသည်။ မြန်မာပြည်သူ ပြည်သားတို့၏ စိတ်ဆန္ဒများ၊ အကျိုးစီးပွားများနှင့်အညီ တွေ့ဆုံဆွေးနွေးခြင်း၊ ရင်ကြား စေ့ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ရန်လည်း အလေးအနက် တိုက်တွန်းပါသည်။
အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ သတင်းသမားများနှင့် သတင်းမီဒီယာအလုပ်သမားများအား ကန့်သတ် ချုပ်ချယ်ခြင်းအပေါ်တွင်လည်း စိုးရိမ်ပါကြောင်း ဖော်ပြအပ်ပါသည်။ အကူအညီလိုအပ်နေသော ပြည်သူပြည်သား မှန်သမျှထံ ကူညီထောက်ပံ့မှုများကို ဘေးကင်း လုံခြုံစွာ၊ တားဆီးပိတ်ပင်မှုမရှိ ပေးပို့နိုင်ရန်အတွက်လည်း တောင်းဆိုလိုက်သည်။ ထိုအထဲတွင် ကုလသမဂ္ဂ၏ ထောက်ပံ့ရေးလေယာဉ်များ ပြန်လည်ဆင်းသက်ခွင့်ပြုရန် လည်း ပါဝင်သည်။
လုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် ဒေသအဖွဲ့အစည်းများ ( အထူးသဖြင့်) အာဆီယံအဖွဲ့ကြီးအား အခိုင်အမာ ထောက်ခံပါကြောင်းနှင့် အာစီယံအဖွဲ့ဥက္ကဋ္ဌ၏ ဖေဖော်ဝါရီ ၁ ရက်နေ့ထုတ်ပြန်ချက်ကို ကြိုဆိုပါကြောင်း ထပ်မံပြောကြားလိုက်ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ "ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏အထူးကိုယ်စားလှယ်" အား သူ၏ဆောင်ရွက်မှုများအတွက် အားပေးထောက်ခံကြောင်းလည်း ထပ်မံ ပြောကြားလိုက်ပါသည်။
( DVB ၏ ဘာသာပြန်မူ ဖြစ်ပါသည်)