မြန်မာနိုင်ငံအတွင်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ကြေညာချက်ထုတ်တောင်းဆိုလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြန်မာနိုင်ငံ၌ စစ်တပ်က အရေးပေါ်အခြေအနေ ကြေညာတာ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို အဓမ္မထိန်းသိမ်းထားတဲ့အပေါ် လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ လွန်စွာစိုးရိမ်ကြောင်း လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဘာဘရာဝုဒ်ဝါ့ဒ် (ယူကေနိုင်ငံ) ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပုဂ္ဂိုလ်များအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုအား ဆက်လက်ထောက်ခံအားပေးဖို့ လိုအပ်ကြောင်း လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက အလေးအနက်ပြုတယ်လို့ ဆိုပါတယ်။
ဒီမိုကရေစီဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းစဉ်တွေကို ထိန်းသိမ်းဖို့၊ အကြမ်းဖက်မှုကို ရှောင်ရှားဖို့၊ လူ့အခွင့်အရေးတွေ၊ အခြေခံလွတ်လပ်ခွင့်တွေနဲ့ တရား ဥပဒေစိုးမိုးမှုကို အပြည့်အဝ လေးစားဖို့လည်း တိုက်တွန်းထားပါတယ်။
မြန်မာပြည်သူ ပြည်သားတို့ရဲ့ စိတ်ဆန္ဒတွေ၊ အကျိုးစီးပွားတွေနဲ့အညီ တွေ့ဆုံဆွေးနွေးရေး၊ ရင်ကြားစေ့ရေးလုပ်ငန်းတို့ကို ကြိုးပမ်းဆောင်ရွက်ဖို့လည်း အလေးအနက် တိုက်တွန်းထားပါတယ်။
အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ သတင်းသမားတွေ၊ သတင်းမီဒီယာသမားတွေကို ကန့်သတ်ချုပ်ချယ်တဲ့ အပေါ်မှာလည်း စိုးရိမ်တယ်လို့ ဖော်ပြထားပါတယ်။
အကူအညီလိုအပ်နေတဲ့ ပြည်သူပြည်သား မှန်သမျှထံ ကူညီထောက်ပံ့မှုတွေကို ဘေးကင်း လုံခြုံစွာ၊ တားဆီးပိတ်ပင်မှုမရှိ ပေးပို့နိုင်ဖို့နဲ့ ကုလသမဂ္ဂရဲ့ ထောက်ပံ့ရေးလေယာဉ်တွေ ပြန်လည်ဆင်းသက်ခွင့်ပြုဖို့လည်း တိုက်တွန်းထားပါတယ်။
လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ ဒေသအဖွဲ့အစည်းတွေ (အထူးသဖြင့်) အာဆီယံအဖွဲ့ကြီးအား အခိုင်အမာ ထောက်ခံပြီး အာဆီယံအဖွဲ့ဥက္ကဋ္ဌရဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ထုတ်ပြန်ချက်ကိုလည်း ကြိုဆိုကြောင်း ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ "ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်" အား သူမရဲ့ ဆောင်ရွက်မှုတွေအတွက် အားပေးထောက်ခံတယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။