မြန်မာအမျိုးသမီးများကို နိုင်ငံရေးတွင် ပိုမိုပါဝင်ခွင့်ပေးရန် ဂျင်မီကာတာ တိုက်တွန်း
DVB
·
September 26, 2013
မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ ပါဝင်မှုအရေအတွက် နည်းလွန်း နေပြီး လွှတ်တော်ထဲမှာလည်း အမျိုးသမီး ၅ ရာခိုင်နှုန်းပဲ ရှိသေးတာကြောင့် အပြောင်းအလဲတွေလုပ်ဖို့ လိုတယ်လို့ အမေရိကန်သမ္မတဟောင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဂျင်မီကာတာ က ပြောကြားလိုက်ပါတယ်။
ဂျင်မီကာတာခေါင်းဆောင်ပြီး နိုဘယ်လ်ဆုရှင်တွေပါဝင်တဲ့ The Elders အဖွဲ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထောက်ပြပြောဆိုလိုက်တာပါ။
[caption id="attachment_43930" align="alignright" width="300" caption="နိုဘယ်လ်ဆုရှင် ဂျင်မီကာတာ"][/caption]
“မြန်မာနိုင်ငံမှာ အမျိုးသမီး အခန်းကဏ္ဍတွေအတွက်ကို အင်မတန်မှ နည်းနေပါသေးတယ်။ လွှတ်တော်ထဲမှာဆိုရင်လည်း အမျိုးသမီးက ၅ ရာခိုင်နှုန်းပဲ ရှိတယ်။ နော်ဝေးကိုကြည့်မယ်ဆိုရင် အမျိုးသမီးက ၄၅ ရာခိုင်နှုန်းကျော်ရှိတယ်။ တပ်မတော်သားကိုယ်စားလှယ်ကလည်း လွှတ်တော်မှာ ၁၆၆ နေရာယူထားတယ်။ အဲ့နေရာတွေမှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသမီးတွေကို ပိုမို ထည့်သွင်းပေးဖို့ ကျနော် အကြံပေးချင်းတယ်” လို့ ဂျီမီကာတာ က ပြောပါတယ်။
ဒါ့အပြင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံတကာက လေ့လာသူတွေကို ၀င်ရောက်လေ့လာခွင့် ပေးသင့်ကြောင်းကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ တွေ့ဆုံစဉ် တိုက်တွန်းခဲ့တယ်လို့လည်း ဆိုပါတယ်။
နော်ဝေ ဝန်ကြီးချုပ်ဟောင်း ဂရိုဟာလမ် ဘရန့်လန်းကတော့ “သဘာဝ သယံဇာတတွေ အသုံးပြုပြီး အရှေ့ကို လျှောက်လမ်းနေတဲ့ မြန်မာနိုင်ငံလို အားလုံးဝေမျှပြီး အကျိုးခံစားခွင့်တွေ ရရှိဖို့လိုတယ်။ ဒါဟာ နိုင်ငံရေးအရပ် ညှိနှိုင်းမှု ရဲ့ အစတွေပါ။ ဒီကိစ္စတွေဟာ နိုင်ငံအတွက် အရှေ့တိုးနိုင်ဖို့ အခွင့်အလမ်းတွေဖြစ်သလို အားလုံးအတွက် အခွင့်အရေးတွေလည်း လမ်းဖွင့်နိုင်မှာဖြစ်ပါတယ်။ ဒါတွေအားလုံးက လူ့အခွင့်အရေးနဲ့ ကျားမ တန်းတူရေး အခန်းကဏ္ဍတွေပါတယ်” လို့ ပြာပါတယ်။
ငြိမ်းချမ်းရေးနဲ့ အမျိုးသားသင့်မြတ်ရေး တိုးတက်လုပ်ဆောင်ရေးအတွက် မြန်မာ အဖွဲ့အစည်းအသီးသီးကို တိုက်တွန်းဖို့ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ နဲ့ အဖွဲ့ဟာ ၃ ရက်တာခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ခဲ့ တာဖြစ်ပါတယ်။
ခရီးစဉ်အတွင်းမှာ သမ္မတဦးသိန်းစိန်အပါအ၀င် အစိုးရထိပ်ပိုင်း အရာရှိကြီး တွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
The Elders အဖွဲ့ကို ၂၀၀၇ ခုနှစ်မှာ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားက စတင်ဖွဲ့စည်းခဲ့ပြီး တကမ္ဘာလုံး ငြိမ်းချမ်းရေး၊ တရားမျှတရေး နဲ့ လူ့အခွင့်အရေးအတွက် ရည်ရွယ်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။