Home
မေးမြန်းခန်း
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် DVB မေးမြန်းချက်
DVB
·
February 3, 2021

မေး။ ။ တပ်မတော်ရဲ့ အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ရှု မြင်သုံးသပ်ချက်ကိုပြောပေးပါ။

ဖြေ။ ။ ကျနော်အနေနဲ့ပြောချင်တာ နံပါတ်တစ်အချက်က အခုလိုကိစ္စမျိုးက အာဏာသိမ်းနိုင်တဲ့ အခြေအနေအနေအထားတွေ၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေအရ အာဏာလွဲပြောင်းပေးနိုင်တဲ့ အခြေအနေ အနေအထားတွေမရှိပဲနဲ့အခုလိုဆောင်ရွက်တဲ့ အရာက ဒါအာဏာသိမ်းတာပဲဖြစ်တယ်။ ဒီလိုအာဏာသိမ်းမူမျိုးကို ကျနော်တို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အနေနဲ့ လုံး၀လက်ခံနိုင်တဲ့အခြေအနေမျိုး မရှိပါဘူးဗျ။ 

မေး။ ။ ဒီဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံရဲ့ ဖယ်ဒရယ်၊ ဒီမိုကရေစီလုပ်ဆောင်မူတွေအပေါ် ဘယ်လိုမျိုး သက်ရောက်မူတွေရှိစေမလဲခင်ဗျာ။

ဖြေ။ ။ ကျနော်အနေနဲ့မြင်တာကတော့ အခုကျနော်တို့ ဒီမိုကရေစီဖြစ်စဉ်မှာ နဂိုကတည်းက ဒီမိုကရေစီပြည့်၀တဲ့ တိုင်းပြည်မဟုတ်ဘူး။ ဒီမိုကရေစီ အပြည့်အ၀ဖြစ်အောင် ချီတက်နေတဲ့ အနေအထားဖြစ်တယ်။ အဲ့ဒီအနေအထားက တော်တော်လေးကို တုံ့နှေးတုံ့နှေးဖြစ်နေတဲ့ အနေအထား၊ အဲ့ဒီအနေအထားကို ကြီးကြီးမားမား ထိခိုက်စေတယ်လို့ ယူဆတယ်။ တပြိုင်နက်တည်းမှာပဲ။ ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကိုလည်း ထိခိုက်လာနိုင်စရာအကြောင်းတွေ အများကြီးရှိတယ်လို့ ကျနော့် အနေနဲ့ ယူဆပါတယ်ဗျ။

မေး။ ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးမှာ  ကြေညာချက်မထွက်နိုင်ဘူး။ နိုင်ငံတကာကနေ ဘယ်လိုမျိုး ချဉ်းကပ်မလဲဆိုတာဘယ်လိုသုံးသပ်မိလဲ။

ဖြေ။ ။ အခုလိုအာဏာသိမ်းမှုဖြစ်စဉ်ကိုတော့ နိုင်ငံတကာက လုံး၀လက်ခံလိမ့်မယ်လို့ ကျနော့်အနေနဲ့ မယူဆဘူး။ တပြိုင်နက်ထဲမှာ ကျနော်တို့တိုင်းပြည်အနေနဲ့ အရင်တုန်းက ရင်ဆိုင်ခဲ့ရတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ၊ ဒဏ်ခတ်မှုတွေ စသဖြင့် အရေးယူ ဆောင်ရွက်ခံရ မှုတွေကို ဆက်တိုက် ရင်ဆိုင်လာရနိုင်စရာ အကြောင်းရှိတယ်လို့ ကျနော့်အနေနဲ့ အဲ့လို ပြောချင်ပါတယ်ခင်ဗျာ။

မေး။ ။ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာမဲပေးကြတယ်။ အခုလိုအခြေအနေမှာ မကျေနပ်ချက်တွေ တိုးလာတယ်။ အခြေအနေဒီထက်ဆိုးလာနိုင်မလား။ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို ပြောပေးပါ။

ဖြေ။ ။ ကျိန်းသေတာတော့ ကျနော်တို့ တိုင်းပြည်ရဲ့ လူအများစုကြီးက အရမ်းကို ဆင်းရဲနေတဲ့အခြေအနေ ကပ်ရောဂါအခြေအနေကြောင့် စီးပွားရေး လုပ်ခွင့်ကိုင်ခွင့် လုပ်ငန်းကိုင်ငန်းအခြေအနေတွေဟာလည်း တော်တော်အခက်ကြုံနေရတဲ့ အခြေအနေဆိုတော့ ကျနော်တို့ အားလုံးလည်း အသိပဲလေး။ ဒီလိုအခြေအနေမျိုးမှာ အခုလိုအာဏာသိမ်းမှု ထပ်ဖြစ်တဲ့အခါကျတော့ ဘာပဲပြောပြော စီးပွားရေးအခြေအနေ စီးပွားရေးလုပ်ငန်းကိုင်ငန်းတွေက လူထုအတွက်တော်တော်ကို အကျပ်အတည်  တွေ့သွားစေနိုင်တယ်။ အဲ့ဒီအခြေအနေကို ပြည်သူလူထုက မသက်မသာ ရင်ဆိုင်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ မြင်ပါတယ်လို့ ကျနော်တော့  အဲ့လိုပြောချင်ပါတယ်။

မေး။ ။ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စည်ပင်ဧည့်ရိပ်သာ ထုတ်ပြန်ချက်အပေါ် နိုင်ငံရေးအရ ဘယ်လိုရှု မြင်သုံးသပ်ပါသလဲ။

ဖြေ။ ။ ကျိန်းသေတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရထားပြီးတော့ ပြည်သူ့လွတ်တော် တော်တော်များများကလည်း လူထုကစစ်စစ်မှန်မှန် ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်ဖြစ်တယ်လေ။ ဒီအရာတွေက ငြင်းစရာအကြောင်းမရှိဘူး။

သို့သော်လည်းပဲ အခုလိုအာဏာသိမ်းတဲ့ဖြစ်စဉ်ကြောင့် နိုင်ငံရေး အကျပ်အတည်းက ကြီးကြီးမားမား တွေ့သွားတာတော့အမှန်ပဲ။ ဒီအကျပ်အတည်းကို ကျော်ဖို့ကတော့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံချင်တယ်၊ တိုက်လည်း တိုက်တွန်းတယ်၊ ပြောလည်း ပြောချင်တယ်။ ဖမ်းဆီးခံ အထိမ်းသိမ်းခံ နိုင်ငံရေးခေါင်းဆောင်တွေကို အမြန်ဆုံးပြန်လွတ်ပေးဖို့အတွက်ပါ။ သူတို့နဲ့တွေ့ဆုံဆွေးနွေးပြီးတော့ နိုင်ငံရေးနည်းအရ ‌အဖြေရှာဖို့ဆိုတဲ့ အရာကိုကျနော် အလေးအနက်ထားပြီး ထပ်ပြောချင်တယ်။ နောက်တစ်ခုက အခုလိုအာဏာသိမ်းမှုဖြစ်စဉ်ကိုလည်း တစ်နည်းနည်းနဲ့ ရွေးကောက်ခံပြည်သူတွေ၊ ရွေးကောက်ခံကိုယ်စားလှယ်တွေကို အနိုင်ရနိုင်ငံရေးပါတီကို ဘယ်လိုလွှဲပြောင်းပေးမလဲ ဆိုတဲ့အရာကို သေသေချာချာ ပြန်စဉ်းစားစေချင်တယ်။ အချိန်ကအများကြီးနောက်မကျသေးဘူး ဒီကိစ္စကို ပြန်ပြီးလုပ်စေချင်တယ်လို့ ကျနော့်အနေနဲ့ တိုက်တွန်းချင်တယ်။ ချုပ်ပြီးပြောချင်တာကတော့ အာဏာသိမ်းတဲ့ ဖြစ်စဉ်က လုံး၀မဖြစ်သင့်မဖြစ်ထိုက်တဲ့ ဖြစ်စဉ်ဖြစ်တယ်။ ဒီဖြစ်စဉ်ကို ကျနော့် အနေနဲ့ကန့်ကွက်ပါတယ်။ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်လို့ ကျနော့် အနေနဲ့ပြောချင်ပါတယ်။ 

မေး။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ တစ်စုံလုံးအခြေအနေနဲ့ပတ်သက်လို့ ဘာမှတ်ချက်များ ပြောချင်ပါသေးလဲ။ 

‌ဖြေ။ ။ ကျနော်တို့ တိုင်းပြည်အခြေအနေက စီးပွားရေးအခြေအနေမကောင်းဘူး။ တပြိုင်နက်ထဲမှာ ငြိမ်းချမ်းရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေက အခုလိုဖြစ်သွားတဲ့အခါကျတော့ ခန့်မှန်းရခက်တယ်။ ကျနော်တို့ တိုင်းပြည်အနေအထားက သမိုင်းနောက် တစ်ပတ်ပြန်လည်သလို ၁၉၉၀၊ ၁၉၈၈ အဲ့လို အခြေအနေမျိုး ပြန်ရောက်တဲ့အနေအထားလိုဖြစ်နေတယ်။ ကျနော်တို့ တိုင်းပြည်ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့၊ ကျနော်တို့ တိုင်းပြည် ဖွံ့ဖြိုးသာယာဖို့ အတွက်ကို ကြီးကြီးမားမား ခလုပ်တံသင်းနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်။ ဒီအခြေအနေကို သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေ အထူးသဖြင့် တပ်မတော်ခေါင်းဆောင်တွေ အသေအချာစဉ်းစားပြီးတော့ ဒီမိုကရေစီရေးလမ်းကြောင်းပေါ်ကို ပြန်လျှောက်လှမ်းဖို့အတွက်ကို ကျနော့် အနေနဲ့ တိုက်တွန်းချင်ပါတယ်။ 

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024