မန္တလေးတိုင်း NLD ရုံးအပါအဝင် ချိပ်ပိတ်ခံရတဲ့ မြို့နယ်အဆင့် ပါတီရုံးအားလုံး ပြန်ဖွင့်ခွင့်ပေးဖို့ မန္တလေးတိုင်း NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့က ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
မန္တလေးတိုင်းဒေသကြီး NLD ရုံးကို စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၁ ရက် ညပိုင်းမှာ ချိပ်ပိတ်ခဲ့ကာ မြို့နယ်အဆင့်ရုံးတွေကိုလည်း ဖော်ဖော်ဝါရီ ၂ ရက်မှာ ချိပ်ပိတ်ခဲ့တာလည်း ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ဒီမိုကရေစီရေးအတွက် စည်းကမ်းဥပဒေနဲ့အညီ တရားဝင်ဖွဲ့စည်းထားပြီး ဥပဒေချိုးဖောက်တာတွေ မရှိတဲ့အတွက် မန္တလေးတိုင်းဒေသကြီး NLD ရုံးအပါအဝင် မြို့နယ်အဆင့် ပါတီရုံးတွေကို ချိပ်ပိတ်တာ၊ ပစ္စည်းတွေသိမ်းဆည်းတာ လုံးဝမပြုလုပ်သင့်ဘူးလို့ ဆိုပါတယ်။
ဒီလိုလုပ်ဆောင်နေတာဟာ အရုပ်ဆိုး အကျည်းတန် တရားနည်းမကျတဲ့ လုပ်ရပ်တွေဖြစ်ပြီး တရားဝင်ဖွဲ့စည်းထားတဲ့ ပါတီအပေါ် အဓမ္မနိုင်ထက်စီးနင်း စော်ကားမှုအဖြစ် သတ်မှတ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီအပေါ် ပြည်သူလူထုက တခဲနက်ထောက်ခံတဲ့ အရှိတရားကို လက်မခံဘဲ ပြည်သူလူထုအပေါ်တန်ဖိုးမထား၊ တိုင်းပြည်ရဲ့ ရေရှည်စီးပွားရေးကို မျှော်မြင်ဆင်ခြင်တာ မရှိဘဲ အာဏာသိမ်းယူခဲ့တဲ့ လုပ်ရပ်ဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ် မထီမဲ့မြင်ပြုတဲ့ လုပ်ရပ်ဖြစ်ပြီး ဒီမိုကရေစီအရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုးရေးကို များစွာ ထိခိုက်စေတာကြောင့် ပြင်းပြင်းထန် ကန်ကန့်ကွက်ရှုတ်ချတယ်လို့ မန္တလေးတိုင်း NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။