တိုက်စစ်မှူး နေမာ ပီအက်စ်ဂျီနှင့် ၄ နှစ်သက်တမ်းတိုးရန် သေချာ

နေမာဟာ ပီအက်စ်ဂျီအသင်းနဲ့ ၄ နှစ်စာချုပ် သက်တမ်းတိုးဖို့ နီးစပ်လုနီးပါးအခြေအနေမှာ ရှိနေပြီဖြစ်ကြောင်း Goal သတင်းက အတည်ပြုပါတယ်။

ဒီစာချုုပ်ကြောင့်နေမာဟာ ပြင်သစ်မြို့တော်မှာ ၂၀၂၆ ခုနှစ်အထိဆက်ရှိနေမှာဖြစ်ပြီး ဒါနဲ့ပတ်သတ်တဲ့ ကစားသမားနဲ့ အသင်းတို့ကြား ဆွေးနွေးပွဲတွေဟာလည်း တော်တော်လေး ခရီးပေါက်နေပြီ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် နေမာဟာ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်လို့ မကြာခဏ သတင်းကြီးတတ်သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေက သူ့ကို အသင်းဟောင်း ဘာစီလိုနာဆီ ပြန်သွားဖို့ ခက်ခဲသွားစေခဲ့ပါတယ်။

နေမာနဲ့ ဘာကာအသင်းတို့ဟာ အပြောင်းအရွှေ့ကာလတိုင်းမှာ သတင်းကြီးခဲ့တာဖြစ်ပေမဲ့ ပီအက်စ်ဂျီမှာ ပျော်ရွှင်နေတယ်လို့ နေမာ ထုတ်ပြောခဲ့တာကြောင့် ဒီကိစ္စနဲ့ပတ်သက်တဲ့ သတင်းတွေ ငြိမ်သွားခဲ့ပါတယ်။ ဒါ့အပြင် အသင်းဖော် အမ်ဘာပေကိုလည်း ပီအက်စ်ဂျီမှာ ဆက်နေဖို့ နေမာက တိုက်တွန်းခဲ့ပါသေးတယ်။

မကြာသေးခင်က လုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ နေမာက “ကျနော် ဒီနေ့ပျော်ပါတယ်။ တကယ်ကို ပျော်ရွှင်မိပါတယ်။ အရာအားလုံးက ပြောင်းလဲကုန်ပါပြီ။ ဘာလို့လဲဆိုတာတော့ အတိအကျ မရှင်းပြတတ်ပါဘူး။ ဒါပေမဲ့ ဒီနေ့ ကျနော် အဆင်ပြေပါတယ်။ ကျနော် ပီအက်စ်ဂျီအသင်းမှာ ဆက်နေချင်ပါတယ်။ အမ်ဘာပေကိုလည်း အသင်းမှာ ဆက်ရှိစေချင်ပါတယ်။ ကျနော်တို့ ပီအက်စ်ဂျီကို အသင်းကို ကြီးမားတဲ့အသင်းတစ်သင်းအဖြစ် မြင်တွေ့ချင်ပါတယ်။ ကျနော်နဲ့ အမ်ဘာပေတို့အကြား ညီအစ်ကိုလို ဆက်ဆံရေးမျိုးရှိနေပြီး ကျနော်တို့ တွဲကစားရတာကိုလည်း တကယ်ကိုကျေနပ်မိပါတယ်” လို့ ပြောပါတယ်။

ထွက်ပေါ်လာတဲ့သတင်းတွေအရ နေမာရဲ့ စာချုပ်သက်တမ်းတိုးမှုဟာ မကြာခင်မှာတင် အပြီးသတ်သွားဖို့ရှိနေပြီး ဒါကို အခုသီတင်းပတ်တွင်းမှာတင် တရားဝင်ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။

နေမာ ပီအက်စ်ဂျီမှာ ဆက်ရှိနေမယ်ဆိုတဲ့သတင်းဟာ မက်ဆီ ပြင်သစ်မြေကို ရောက်လာတော့မယ် ဆိုတဲ့ ခန့်မှန်းမှုတွေကိုလည်း ပိုပြီးခိုင်မာလာစေပါတယ်။

နေမာနဲ့ မက်ဆီတို့ဟာ ဘာစီလိုနာအသင်းမှာ တွဲဖက်ခြေစွမ်းပြခဲ့သူတွေဖြစ်ပြီး မက်ဆီဟာ ဒီရာသီကုန်မှာ ဘာကာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up