Home
အနုပညာ
ထောင်အတွင်းရေးခဲ့သည့် အပြာရောင်သက္ကရာဇ်များ တေးစီးရီးမိတ်ဆက်
DVB
·
September 26, 2013
နှစ်ရှည်နိုင်ငံရေးအကျဉ်သားဟောင်း  ၈၈ မျိုးဆက်  ကျောင်းသားခေါင်းဆောင်  ဦးမြအေး  ထောင်ကျစဉ်က ရေးစပ်ထားတဲ့ သီချင်းတွေကို  စုစည်းတင်ဆက် ထားတဲ့ အပြာရောင်သက္ကရထာဇ်များ တေးစီးရီးကို  ဒီနေ့ စတင်မိတ်ဆက်လိုက်ပါတယ်။ ရန်ကုန်မြို့  စင်ထရယ်ဟိုတယ်မှာ ပြုလုပ်တဲ့ စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားမှာ အပြာရောင် သက္ကရာဇ်များ တေးစီးရီးခေါင်းစဉ်နဲ့  ပတ်သက်ပြီး  ဦးမြအေးက “အပြာရောင်ဆိုတာ ထောင်ကျတဲ့အခါ အပြာရောင် ၀တ်စုံ ၀တ်ရပါတယ်။ သက္ကရာဇ် ဆိုတာကတော့ နှစ်တွေကို ရည်ညွှန်းပါတယ်။ ထောင်ကျနေတဲ့ နှစ်တွေကို ရည်ညွန်းတဲ့အတွက်ကြောင့် အပြာရောင် သက္ကရာဇ်များလို့ ပေးထားခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။ အပြာရောင်သက္ကရာဇ်များ တေးစီးရီးမှာ “အပြာရောင် သက္ကရာဇ်များ၊ အဖေနဲ့ကျနော်၊ လူမိုက်” စတဲ့ သီချင်း ၁၁ ပုဒ်ပါဝင်ပြီး အဆိုတော်  နိုးဝေး၊ ဇောင်းနဲ့ ထူးအိမ်သင်ရဲ့ညီဖြစ်သူ ကိုအောင်(ဒီမွန်)တို့က သီဆိုထားပါတယ်။ ရွှေသံစဉ် တေးဂီတ က တီးခတ်ထားပေးပြီး န၀ရတ်စတူဒီယိုမှာ အသံဖမ်းယူထားတာ ဖြစ်ပါတယ်။ ဒဿနနဲ့ နိုင်ငံရေးဆန်ဆန်၊ အတွေးအခေါ်ဆန်ဆန် စာသားတွေပါဝင်တဲ့ သီချင်းတွေ များတယ်လို့ အခုအခွေကို တီးခတ်ပေးထားတဲ့  ရွှေသံစဉ်ရဲ့ ဂီတမှူး ဦးဝင်းမော်က ပြောပါတယ်။ “သာမန် ရိုးရိုး အချစ်သီချင်းရယ်လို့တော့ သိပ်မပါဘူး။ တပုဒ်နှစ်ပုဒ်လောက်ပဲပါမယ်။ ဒဿနဆန်ဆန်တွေများမှာပါ။ သူကိုယ်တိုင်လည်း နိုင်ငံရေးသမားဆိုတော့ ဒဿနနဲ့ နိုင်ငံရေးဆန်ဆန် အတွေးအခေါ်ဆန်ဆန် အဲဒါမျိုးလေးတွေပါတယ်။ ဥပမာ အဖေနဲ့ သားတယောက်ရဲ့ သံယောဇဉ်ဘွဲ့တို့၊ အဖေနဲ့ သမီးရဲ့ သံယောဇဉ်ဘွဲ့တို့ သူကသမီးရှိတာကိုး။ မိဘမေတ္တာဘွဲ့တပုဒ် ပါမယ်ပေါ့။” အပြာရောင်သက္ကရာဇ် တေးစီးရီးကို အောက်တိုဘာလ ၅ ရက်နေ့မှာ စတင်ဖြန့်ချိမှာဖြစ်ပြီး ဒီဗွီဒီ ကာရာအိုကေကို နိုဝင်ဘာလမှာ ဖြန့်ချိမှာဖြစ်ပါတယ်။ အလားတူ အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေ  ရေးစပ်ခဲ့တဲ့ လှောင့်ချိုင့်တေးဆိုတဲ့ တေးစီးရီးအခွေကို ၂၀၀၅ ခုနှစ်က ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) ကလည်း ဖြန့်ချိခဲ့ဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024