ထားဝယ်စီးပွားရေးဇုန် အကောင်အထည်ဖော်ရေး သုံးပွင့်ဆိုင် ဆက်လက်ဆွေးနွေးနေ
DVB
·
September 26, 2013
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ အကောင်အထည်ဖော်မယ့် အထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ ပတ်သက်ပြီး မူဝါဒပိုင်းဆိုင်ရာ သဘောတူ လက်မှတ်ရေးထိုးနိုင်ဖို့ မြန်မာ၊ ထိုင်းနဲ့ ဂျပန် ၃ နိုင်ငံ ဆွေးနွေးပွဲတွေ အဆင့်ဆင့် လုပ်နေတယ်လို့ ထိုင်းသံရုံး တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
စက်တင်ဘာ ၂၅ ရက်နေ့က ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး မှာ ထိုင်းဘက်က ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာအစိုးရရဲ့ ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်နဲ့ အဖွဲ့ဝင်တွေဟာ အကြိုညှိနှိုင်း အစည်းအဝေးတရပ် ကျင်းပခဲ့ပါတယ်။
စက်တင်ဘာ ၂၆ ရက်နေ့ ရန်ကုန်မှာ မြန်မာနဲ့ ဂျပန် နှစ်နိုင်ငံ ညှိနှိုင်း အစည်းအဝေး ဆက်ကျင်းပနေပြီး စက်တင်ဘာ ၂၇ ရက်နေ့ကျရင် မြန်မာ၊ ဂျပန်နဲ့ ထိုင်း ၃ ပွင့်ဆိုင် အစည်းအဝေး ကျင်းပသွားမယ်လို့ သိရပါတယ်။
အခုရက်ပိုင်း ဂျပန် အထက်လွှတ်တော်အမတ် မစ္စ အီရီကို ယာမာတိမ် ဦး ဆောင်တဲ့ ဂျပန်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် သမ္မတက ထားဝယ်အထူးစီးပွားရေးဇုန်မှာ ဂျပန်က ကူညီပါဝင်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါသေးတယ်။