နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူတွေကိ အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပေးဖို့ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူကာ အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးထိန်းသိမ်းလိုက်တာနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီက ဒီကနေ့ ထုတ်ပြန်လိုက်တာပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တတိယအကြိမ် လွှတ်တော်ခေါ်ယူဖို့၊ နိုင်ငံတော် တည်ငြိမ်ရေး၊ ပြည်သူတို့ရဲ့ နှလုံးစိတ်ဝမ်း အေးချမ်းရေး၊ ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားရေးအတွက် အလေးအနက် တောင်းဆိုတယ်လို့ ဆိုပါတယ်။
တတိယအကြိမ် လွှတ်တော် အစည်းအဝေး မတိုင်မီ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော် အာဏာသိမ်းခဲ့တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ဆောင်ရွက်တာ ဖြစ်တဲ့အပြင် အချုပ်အခြာ အာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ နိုင်ငံသားတွေရဲ့ အချုပ်အချာကို မျက်ကွယ်ပြုတာဖြစ်သလို နိုင်ငံတော်နဲ့ တပ်မတော် သမိုင်းကိုလည်း ညစ်နွမ်းစေတဲ့ ဆောင်ရွက်ချက်ဖြစ်တယ်လို့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။