Home
မြန်မာသတင်း
လွှယ်တော်ကိုယ်စားလှယ်များ နေပြည်တော်စည်ပင်ရိပ်သာတွင် ဆက်ရှိနေ
DVB
·
February 2, 2021

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)  လွှတ်တော်ကိုယ်စားလှယ်တွေ ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက် ည ၁၁ နာရီ ကျော် လောက်အထိ  နေပြည်တော်ရှိ စည်ပင်ရိပ်သာမှာပဲ ဆက်ရှိနေတယ်လို့  သိရပါတယ်။

သနပ်ပင်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက “လေးစားချစ်ခင်ရပါသောမဲဆန္ဒရှင်များခင်ဗျာ ကျနော်တို့ကိုယ်စားလှယ်များအား လုံးခုချိန်အထိ နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာပဲ ရှိကြပါသေးတယ်။ အထုပ်အပိုးပြင်ပြီး အဆင်သင့်စောင့်နေကြပါတယ်။ စိတ်ရော လူ​ပါ ဒေါင်ဒေါင်မည်ရှိကြပါတယ်။ စိတ်ပူပန်စောင့်ကြည့်အားပေးနေကြတဲ့ ချစ်မိတ်ဆွေအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်။ အခက်အခဲအကြပ်အတည်းတွေအားလုံးကိုတည်ငြိမ်ရင့်ကျက်စွာ ရုန်းကန်​ကျော်ဖြတ်ကြရအောင်ပါ။ပြည်သူသာလျင်အဓိကပါ” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် တဦးကလည်း “ ဒီနေ့ မနက် ၃ နာရီလောက်ကတည်းက အပြင်နဲ့ အဆက်အသွယ်ဖြတ်ခံထားရတယ်။  လာခေါ်မလား၊ အိမ်ကိုပြန်ပို့မလား၊ ဘယ်ကို ပို့မလဲ ဘာမှ မသိရသေးဘူး။ ထုပ်ပိုးပြီး အဆင်သင့်ပြင်ထားပါတယ်။  ”လို့ ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီကတော့ တပ်မတော်က အာဏာသိမ်းတာနဲ့ ပတ်သက်ပြီး   မတရားအနိုင်ကျင့်တယ်လို့ပဲ ယူဆတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ တင်ထားတဲ့ ရုပ်သံ ဗီဒီယိုမှာ ပြောထားပါတယ်။

 “ပြည်သူရွေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ငါတို့ ကိုယ်တိုင်ပင်လျှင် အခုဘယ်လိုနေရသလဲ။ ငါတို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စာလှယ်တွေအာလုံးက ငြိမ်နေတာ ။ ငြိမ်နေတယ်ဆိုတာက ဒို့သွားရမယ့်လမ်းကြောင်းကို အပေါ်ကနေ Guide line လမ်းညွှန်ပေးထားတယ်။ ငါတို့သည် နာခံခြင်းအားဖြင့် သွားနေတယ်။”

ခုအချိန်မှာ ပြည်သူတွေအနေနဲ့ စိတ်ကိုထိန်းကြဖို့လိုပြီး   အားလုံးအတွက် အချိန် ရောက်လာမှာဖြစ်လို့ အရေးကြီးပြီ သွေးနီးကြဖို့လိုတယ်လို့လည်း ပြောပါတယ်။ 

သမ္မတ  ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်တို့ကတော့  နေပြည်တော်ရှိ နေအိမ်မှာ ထိန်းသိမ်းခံထားရတယ်လို့ အန်အယ်လ်ဒီပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးက ရေးသားထားပါတယ်။

 ဒီကနေ့မနက် တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအ‌ဝေး ခေါ်ယူကျင်းပဖို့ စီစဉ်ထားချိန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ တပ်မတော်က အာဏာသိမ်းယူ လိုက်တာဖြစ်ပါတယ်။အာဏာသိမ်းယူလိုက်ပြီးနောက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေကို  ထိန်းချုပ်ထားလိုက်တာဖြစ်ပြီး နေပြည်တော်ရှိ လွှတ်တော်သွားရာ လမ်းပေါ်မှာလည်း စစ်သားတွေက ပိတ်ဆို့ လုံခြုံရေးယူထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024