မြန်မာတနိုင်ငံလုံး လျှပ်စစ်မီး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ သန်း ၁၄၀ ကို ကမ္ဘာ့ဘဏ်ကနေ အကူအညီပေးသွားမယ်လို့ စက်တင်ဘာ ၂၄ ရက်နေ့ထုတ် ကမ္ဘာ့ဘဏ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားရရှိမှု မလုံလောက်တဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့ ကမ္ဘာ့ဘဏ်က ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို စွမ်းအင်မြှင့်တင်ပေးတာတွေ လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။
အရင်က ဓာတ်ငွေ့တာဘိုင် အဟောင်းတွေအစား ခေတ်မီနည်းပညာတွေနဲ့ အသုံးပြု တပ်ဆင်မှာဖြစ်ပါတယ်။ တပ်ဆင်မယ့် ဓာတ်ငွေ့တာဘိုင်စက်သစ်တွေဟာ ဓာတ်ငွေ့ အသုံးပြုမှု အကုန်သက်သာမှာဖြစ်ပါတယ်။
ဒါ့အပြင် တန်ဖိုးနည်းပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်တွေလည်း ၂ ဆခွဲ ပိုမိုထုတ်လုပ်ပေးနိုင်ပြီး ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထွက်နှုန်းလည်း အရင်ထက် လျော့နည်းသွားမယ်လို့ ပြောပါတယ်။
ကမ္ဘာ့ဘဏ်က သုံးစွဲမယ့် စီမံကိန်းအတွက် ငွေကြေးတွေကို ကမ္ဘာ့ဘဏ်ရဲ့ အပြည်ပြည်ဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေးအသင်း (IDA) က အတိုးမဲ့ ချေးငွေ ထုတ်ပေးမှာ ဖြစ်ပါတယ်။
အခုစီမံကိန်းကို ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ ထိရောက်ပြီး မြင်မြင်သာသာရှိတဲ့ လျှပ်စစ်ဖွံ့ဖြိုးရေး စီမံကိန်းဖြစ်ဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ အထူးသဖြင့် ဆင်းရဲသားအများစုနေထိုင်တဲ့ ကျေးလက်ဒေသတွေမှာ ကောင်းစွာလုပ်ဆောင်သွားမှာဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Khanthan Shankar က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူဦးရေ ၇၀ ရာခိုင်နှုန်း လျှပ်စစ်မီးမရရှိသေးတဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် အရှေ့တောင်အာရှမှာ လျှပ်စစ် အသုံးပြုမှု အနည်းဆုံး နိုင်ငံတခုဖြစ်ပါတယ်။ ကျေးလက်ဒေသမှာတော့ လူဦးရေ ၁၆ ရာခိုင်နှုန်းသာ ပင်မလျှပ်စစ်ဓာတ်အားကို ရရှိတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကမ္ဘာ့ဘဏ်ကနေပြီး လျှပ်စစ်မီး အကူအညီတွေအပြင် ကျေးလက်ဒေသက လူဦးရေ ၃.၅ သန်းအတွက် လမ်းပန်းဆက်သွယ်ရေး နဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းကိုလည်း အမေရိကန် ဒေါ်လာ သန်း ၈၀ ကူညီပေးသွားမှာ ဖြစ်ပါတယ်။