မဲစာရင်းတွေ စစ်ဆေးအတည်ပြုတာအပါအဝင် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် ဖွဲ့စည်ပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပုဒ်မ ၄၁၈ ပုဒ်မခွဲ (က) အရ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်တာဝန်ပေးလိုက်တယ်လို့ ယာယီသမ္မတ ဦးမြင့်ဆွေက ထုတ်ပြန်ကြေညာပါတယ်။
နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာလိုက်တဲ့ အကြောင်း၊ အရေးပေါ်အခြေအနေ အကျိုးသက်ရောက်တဲ့ နယ်မြေဟာ နိုင်ငံတဝန်းဖြစ်ကြောင်းနဲ့ အရေးပေါ် အခြေအနေကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ ဒီအမိန့်ထုတ်ပြန်တဲ့ နေ့ကနေစပြီး တစ်နှစ် သတ်မှတ်တယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတော်အာဏာကို တပ်မတော်က ဒီကနေ့ သိမ်းယူလိုက်တာဖြစ်ပြီး အစိုးရ တာဝန်ရှိသူတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
နိုင်ငံတော်သမ္မတရုံး ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာတင်ထားတဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပုံတွေကိုလည်း ဖြုတ်ချထားလိုက်ပါတယ်။