Home
မြန်မာသတင်း
အာဏာသိမ်းလုပ်ရပ်ကို အကြမ်းမဖက် ဆန့်ကျင်ရန် အန်အယ်လ်ဒီ သဘာပတိ ဦးဝင်းထိန် ပြော
DVB
·
February 1, 2021

အာဏာသိမ်းတဲ့လုပ်ရပ်ဟာ မမှန်ဘူးဆိုတဲ့အကြောင်းကို တိုင်းသူပြည်သားတွေက တတ်နိုင်သမျှ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်ပေးကြဖို့ အန်အယ်လ်ဒီ သဘာပတိ ဦးဝင်းထိန်က  ပြောကြားလိုက်ပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်မနက်မှာ စစ်တပ်ကအာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင်  အစိုးရအဖွဲ့ဝင်အားလုံးကို ဖမ်းဆီးလိုက်တာနဲ့ ပတ်သက်ပြီး ဦးဝင်းထိန်က‌ ပြောကြားလိုက်တာပါ။ 

“အခု ကျနော် အချိန်ရတုန်း ပြောချင်တာက တိုင်းသူပြည်သားတွေ၊ နိုင်ငံသူနိုင်ငံသားတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို ယုံကြည်လိုက်နာပြီးတော့ တခဲနက် မဲပေးခဲ့သလို အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ကို ဖျက်ဆီးပြီးတော့မှ အကုန်လုံး သုညကနေ ပြန်စချင်တဲ့ လုပ်ရပ်၊ အာဏာသိမ်းတဲ့လုပ်ရပ်ဟာ မမှန်ဘူးဆိုတဲ့အကြောင်းကို တိုင်းသူပြည်သားတွေက တတ်နိုင်သမျှ ဆန့်ကျင်ပေးပါ။ ဆန့်ကျင်တယ်ဆိုတာ အကြမ်းဖက်ဖို့မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ချမှတ်တဲ့နည်းက အကြမ်းမဖက်သောနည်းနဲ့ မဟတ္တမဂန္ဒီကြီး သုံးခဲ့တဲ့နည်း။ အဲဒီနည်းနဲ့ သူတို့လုပ်သမျှကို ဆန့်ကျင်တယ်တဲ့အကြောင်းလည်း ပြောပြသင့်တယ်။ လုပ်သမျှ ပရိုဂရမ်တွေကိုလည်း ဝင်မပါသင့်ဘူး။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ မျိုးဆက်တွေ မကြာခင် ကုန်ဆုံးတော့မယ်။ အဲဒီမျိုးဆက်ပြီးသွားတဲ့နောက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအတွက် လှုပ်ရှားတာဟာ အရှိန်မသေအောင် ဒုတိယမျိုးဆက်က ဆက်လုပ်သွားမယ်လို့ ကျနော်တို့ ယုံကြည်တယ်လို့ ပြောချင်တယ်။”

အာဏာသိမ်းခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း ပတ်သက်ပြီးလည်း ဦးဝင်းထိန်က ဝေဖန်ပြောကြားလိုက်ပါတယ်။

“နိုင်ငံခြားသတင်းဌာနတခုကို ကြည့်တဲ့အခါမှာ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းသွားပြီဆိုတဲ့ သတင်း၊ ပါတီခေါင်းဆောင်တချို့ကို ထိန်းသိမ်းသွားပြီဆိုတဲ့ သတင်း ပါတယ်။ ကျနော်လည်း ပါတီသဘာပတိဖြစ်လို့ ပြောစရာရှိတာ ပြောမှာမို့လို့ ကျနော့်ကိုလည်း မကြာခင် လာခေါ်ဖို့ များတယ်။ အခုဟာက တရားဝင်အစိုးရ၊ ပြည်သူလူထုကနေ မဲပေးထားတဲ့၊ ပြည်သူလူထုက ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းလိုက်ပြီဆိုကတည်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မထူးဇာတ်ခင်းသွားပြီ။ သနားလည်း သနားပါတယ်။ သူကတော့ အာဏာနဲ့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာဆန္ဒတွေကို ဦးစားပေး လုပ်တဲ့အခါမှာ နိုင်ငံ့အတွက်မပါဘူးဆိုတာ ထင်ရှားတယ်။ အခု ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး တနိုင်ငံလုံး ဒုက္ခရောက်နေတယ်။ ဆေးထိုးတာလည်း တဝက်တပျက်၊ အဲဒါထက်ပိုပြီးတော့ အခုက နိုင်ငံ့ရဲ့စီးပွားရေး ကျနေတယ်။ အဲဒီလိုအခြေအနေမှာ ဒီလို မထောက်မညှာ အာဏာသိမ်းတာ အမြော်အမြင်နည်းတယ်၊ အမြင် ကျဉ်းမြောင်းတယ်လို့ မြင်တယ်။”

အာဏာသိမ်းလိုက်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လိုက်တဲ့ သဘောဖြစ်ပြီး တပ်မတော်အတွက်လည်း မကောင်းနိုင်ဘူးလို့ ဦးဝင်းထိန်က ပြောပါတယ်။ 

“နောက် အဓိကကျတာက ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူလူထုက တခဲနက် မဲပေးလိုက်တဲ့အတွက် ရှေ့ဆက် လုပ်နိုင်လာတော့မယ်၊ အစိုးရ ဖွဲ့တော့မယ်၊ လွှတ်တော်ခေါ်တော့မယ်။ အဲဒီအချိန်မှာ ဒီလိုလုပ်တာဟာ အစိုးရအဖွဲ့ကိုလည်း အသိအမှတ်မပြုတော့ဘူး၊ လွှတ်တော်ကိုလည်း အသိအမှတ်မပြုတော့ဘူး ဆိုကတည်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လုံးဝ ပျက်သွားပြီ။ သူတို့ ပါဝင်ရေးဆွဲခဲ့တဲ့ ကိုယ့်ဥပဒေကို လက်နဲ့ ရေးတာကို ခြေနဲ့ ဖျက်တယ်လို့ ကျနော်က အဲဒီလို ပြောချင်တယ်။ စိတ်မကောင်းတာက တိုင်းပြည်အတွက်၊ ဒီပုဂ္ဂိုလ်တွေ အာဏာသိမ်းတာ တိုင်းပြည်နဲ့ လူမျိုးအတွက်လား၊ သူတို့ကိုယ်ကျိုးစီးပွားအတွက်လား။ အဲဒါတွေ ဆန်းစစ်ဖို့လိုပြီ။ အလားတူပဲ တပ်မတော်ခေါင်းဆောင်တွေ။ ကျနော် သွေးခွဲစကား ပြောတာ မဟုတ်ဘူး။ တိုင်းပြည်မှာ ကျိကျိတက် ချမ်းသာနေတာ လူတိုင်း သိတယ်။ တပ်မတော်သား ခေါင်းဆောင်တွေလည်း သိတယ်။ တပ်မတော်သား ခေါင်းဆောင်တွေဟာ အဲဒီလိုလူမျိုးတွေကို ဆက်ထောက်ခံမယ်ဆိုရင် ဒီတပ်မတော်ဟာ ပြည်သူလူထုက အစက မထောက်ခံတဲ့ တပ်မတော်၊ အခုက ပြည်သူလူထုက ရွံရှာမုန်းတီးတဲ့ တပ်မတော် ဖြစ်မယ်။”

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ခေါင်းဆောင်တွေ ဖမ်းဆီးခံထားရတဲ့ အပေါ် စိုးရိမ်ကြောင်းနဲ့  စစ်အာဏာသိမ်းတဲ့ အပေါ် ကန့်ကွက်ကြောင်း  ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024