နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သား အစိုးရ ခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့စည်းဝင် အများအပြားကို မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အပေါ် အကြီးအကျယ် စိုးရိမ်သောကရောက်ရကြောင်းနဲ့ ပြန်လွှတ်ပေးဖို့ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။
အစိုးရတာဝန်ရှိသူအားလုံးနဲ့ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့နဲ့ နိုဝင်ဘာ ၈ ရက် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမှာ ထုတ်ဖော်ပြသခဲ့ပြီးဖြစ်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒကို လေးစားလိုက်နာဖို့ မြန်မာတပ်မတော်ခေါင်းဆောင်တွေကို တောင်းဆိုတယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဒီမိုကရေစီ၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးမှုကို လိုလားတဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ ရပ်တည်နေပြီး တပ်မတော်အနေနဲ့ အခုလို ပြုမူဆောင်ရွက်တာတွေကို ချက်ချင်းနောက်ပြန်ဆုတ်ရမယ်လို့ တိုက်တွန်းလိုက်ပါတယ်။
မြန်မာ့တပ်မတော်အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ဖမ်းဆီးထိန်းသိမ်းပြီး တကျော့ပြန်အာဏာသိမ်းတဲ့အပေါ် အလွန်အမင်း စိုးရိမ်မကင်းဖြစ်ရကြောင်း ဩစတြေးလျအစိုးရကလည်း သတင်းထုတ်ပြန်ထားပါတယ်။