နယူးဒေလီတွင် ဆန္ဒပြ အဓိကရုဏ်းများကြောင့် အင်တာနက် ဖြတ်တောက်

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီက နေရာအတော်များများမှာ ဇန်နဝါရီ ၃၀ ရက်က အင်တာနက် ဖြတ်တောက်ထားပါတယ်။

လူတယောက် သေပြီး ရာချီဒဏ်ရာရတဲ့ သီတင်းပတ် တပတ်ကြာဆန္ဒပြပွဲတွေ အဓိကရုဏ်းတွေအပြီးမှာ လယ်သမားတွေက တရက်ကြာ အစာငတ်ခံ သပိတ်မှောက်လိုက်ပါတယ်။

စက်တင်ဘာလက စတင်မိတ်ဆက်တဲ့ ဥပဒေသစ်တွေဟာ စည်းမျဉ်းကန့်သတ်ထားတဲ့ လက်ကားဈေးမှာပဲ လယ်သမားတွေ သူတို့ ထုတ်ကုန်တွေ ရောင်းနေရတဲ့ အချုပ်အနှောင်ကို ဖြုတ်ပေးလိမ့်မယ်လို့ ဝန်ကြီးချုပ် နရင်ဒြာမိုဒီ အစိုးရက ပြောပါတယ်။

လယ်သမားတွေကတော့ ဒီဥပဒေမူကြမ်းဟာ ပုဂ္ဂလိက ဝယ်သူတွေ အကျိုးအမြတ်ရအောင် ပုံစံထုတ်ထားတယ်၊ လက်လီဝယ်သူတွေ သနားမှ သက်သာရာရအောင် လုပ်ထားတယ်လို့ ပြောပါတယ်။

စိုက်ပျိုးရေးဆိုင်ရာ ဥပဒေတွေကို မကျေနပ်တဲ့ ထောင်သောင်းချီတဲ့ လယ်သမားတွေဟာ မြို့တော်နယူးဒေလီရဲ့ အစွန်မှာ သပိတ်စခန်း ဖွင့်ထားတာ အချိန် ၂ လ ကျော်နေပါပြီ။ ပြည်သူ့ ဘေးကင်းရေးထိန်းသိမ်းဖို့ဆိုပြီး ဆန္ဒပြပွဲတွေ ဖြစ်နေချိန် တနင်္ဂနွေ ည ၁၁ နာရီထိ နယူးဒေလီ မြို့စွန် နေရာ ၃ ခုမှာ အင်တာနက် ပိတ်ထားမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောပါတယ်။

ဒါ့အပြင် မငြိမ်သက်တာတွေ ဖြစ်ပါက ဒေသတွင်း အင်တာနက် လိုင်းတွေကို အစိုးရအာဏာပိုင်တွေက မကြာခဏ ပိတ်နေကျ ဖြစ်ပေမယ့် မြို့တော်မှာတော့ ဒါမျိုး ပိတ်တာ အရင်က မကြုံဖူးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အိန္ဒိယပြည်သူ ၁ ဒသမ ၃ ဘီလီယံရဲ့ တဝက်လောက်က စိုက်ပျိုးရေးကဏ္ဍမှာ အလုပ်လုပ်နေပြီး ခန့်မှန်းခြေ လယ်ပိုင်ရှင် လယ်သမား သန်း ၁၅၀ လောက်ကြား မငြိမ်မသက် ဖြစ်နေလို့ ဒါဟာ ဝန်ကြီးချုပ် နရင်ဒြာမိုဒီ အစိုးရအတွက် အကြီးဆုံး စိန်ခေါ်မှုလည်း ဖြစ်လာပါတယ်။

လယ်သမားသမဂ္ဂနဲ့ အစိုးရတို့ကြား ၁၁ ကြိမ် ညှိနှိုင်းခဲ့ပေမယ့် သောင်မတင် ရေမကျ အခြေအနေကို မဖြေရှင်းနိုင်သေးပါဘူး။

ဥပဒေကို ၁၈ လ ရွှေ့ဆိုင်းမယ့် အစိုးရရဲ့ ကမ်းလှမ်းချက်ကို လယ်သမားတွေက သောကြာနေ့မှာ ပယ်ချပြီး ဆက်တိုးဆန္ဒပြဖို့ စီစဉ်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့လို့ အချိန်အတော်များများမှာ လယ်သမားတွေကို ဆန့်ကျင်တဲ့ ဆောင်ပုဒ်တွေကို တချို့အုပ်စုတွေက အော်ဟစ်ကြပါတယ်။

သမ္မတ နိုင်ငံနေ့ အခမ်းအနားမှာလည်း လယ်သမားဆန္ဒပြသူတချို့က နဂို သဘောတူထားတဲ့ လမ်းကြောင်းကနေ ခွဲထွက်ပြီး အရံအတားတွေကို ဖယ်ခဲ့လို့ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

ဒီအကြမ်းဖက်မှုကို ဆန့်ကျင်တဲ့အနေနဲ့ လောလောဆယ်တော့ နယူးဒေလီ ရဲအရာရှိတွေကို ထောက်ခံသူတွေက ပိုစတာတွေ ကိုင်ဆောင်ရင်း တန်ပြန် ထိုင်သပိတ် ဆင်နွှဲနေပါတယ်။

More News
Up