စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှာ တောမီးလောင်ကျွမ်းမှုကြောင့် အိန္ဒိယနယ်စပ်ကနေ ဆန်ဝယ်ပြန်လာသူ ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက လဟယ်မြို့နယ် ကားရော်နောက်ညူကျေးရွာနဲ့ ထန်ခေါ်နောက်ကုန်း ကျေးရွာကြားမှာ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးဖို့ ဒေသခံတွေစုပေါင်းပြီး တောမီးရှို့ရာမှာ အဲ့ဒီနေရာရောက်နေတဲ့ အိန္ဒိနယ်စပ်ကနေ ဆန်ဝယ်ပြန်လာသူ ၄ ဦးဟာ မီးအားများချိန်မှာ ထွက်ပြေးပေမယ့် မလွတ်မြောက်ဘဲ မီးလောင်သေဆုံးခဲ့တာလို့ သိရပါတယ်။
လဟယ်မြို့နယ်မီးသတ် ဦးစီးမှုး ဦးစိုးပိုင်က “ဒေသဓလေ့အရ စိုက်ပျိုးဖို့ရာ တောင်ယာစုပေါင်းပြီးတော့ တောမီးရှို့ကြတာ။ မီးရှို့ကြတဲ့အချိန်မှာ နယ်စပ်ကို ဆန်သွားဝယ်တဲ့ ၄ ဦးက ပြန်လာတာ။ သူတို့အနေနဲ့ စုပေါင်းတောင်ယာမီးရှို့တာကို မသိထားဘူး။ ပြန်ရောက်ချိန်မှာ တောမီးတွေဝိုင်းပြီးတော့ ထွက်ပြေးမရဘဲ အသက်ဆုံးရှုံးတာပေါ့။ သေဆုံးတာက အမျိုးသမီးက ၃ ဦးနဲ့ အမျိုးသား ၁ ဦးပါ” လို့ ပြောပါတယ်။
တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၄ ဦးရဲ့အလောင်းကိုတော့ မနေ့က သူတို့နေထိုင်တဲ့ ထန်ခေါ်လန်မကျေးရွာကို သယ်သွားပြီလို့ သိရပါတယ်။
မီးလောင်ရာနေရာကို လဟယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့တို့က သွားရောက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းပြီး လူသေဆုံးမှုနဲ့ပတ်သက်လို့ လဟယ်မြို့မရဲစခန်းကနေ အရေးယူဆောင်ရွက်ဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း - ရန်နိုင်စိုး