Home
ဆောင်းပါး
အစိုးရပိုင်မီဒီယာတွေ လွှတ်တော်ကို တိုက်
ရွှေအောင်
·
September 25, 2013
မီဒီယာကို တိုက်ထည့်လိုက်တာ နအဖစစ်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးအဖြစ် နောက်ဆုံးတာဝန်ယူခဲ့သူက မီဒီယာကို မီဒီယာနဲ့ တိုက်မယ်လို့ ကြွေးကြော်ပြီး သတင်းစာနောက်ဖုံးမှာ ဆောင်ပုဒ်တွေ ထည့်ပါတယ်။ အားလုံးသိကြပါတယ်။ လေလှိုင်းပေါ်က လူသတ်သမားတို့၊ ပုဆိန်ရိုးတို့၊ မီဒီယာကို မီဒီယာနဲ့ တိုက်ထည့်လိုက်တာ၊ ပရိသတ်က နိုင်ငံပိုင်သတင်းစာ ဖတ်ဖို့ နေနေသာသာ ကိုင်ကြည့်ဖို့တောင် စိတ်ကုန်သွားကြတာပဲ အဖတ်တင်ကျန်ပါတယ်။ သိပ်မကြာခင်မှာပဲ ပုဆိန်ရိုး လူသတ်သမားတွေလည်း အထဲရောက်သွားပြီး တူတာတွေ ပေါင်းလုပ်၊ ပေါ်လစီနဲ့ သွားနေပြန်ပါတယ်။ လတ်တလောအချိန်မှာတော့ နိုင်ငံပိုင် သတင်းဌာနတွေကို လူတွေ ပိုကြည့် ပိုဖတ်လာအောင် အသည်းအသန်ကြိုးပမ်းနေတာ တွေ့နေရပါတယ်။ လူကြီးသတင်းတွေ အဖုံးပေါ်က မဖယ်ရဲသေးတာနဲ့ သ၀ဏ်လွှာပို့တာတွေ ဖော်ပြနေတုန်း ဖြစ်လို့ အစိုးရပြန်တမ်း ဆန်နေသေးပေမယ့် တချို့ဆောင်းပါးလေးတွေ သတင်းတွေ ဖတ်လို့မဆိုးတာ တွေ့ရပါတယ်။ ပြောရရင် သတင်းစာတစောင်လုံးရဲ့ ၂၀ ရာခိုင်နှုန်းလောက် ဖတ်ကောင်းလာတာ တွေ့ရပါတယ်။ အစိုးရအဖွဲ့ သတင်းတွေကတော့ အရင်အတိုင်း ပုံသေကားကျ ရေးသားဖော်ပြနေတုန်းပါ။ ဖတ်လည်း မဖတ်ဖြစ်ပါဘူး။ သတင်းစာနောက်ပြန်လှည့်ပြီလား ဒီလို တွေးမြင်မိနေတုန်း အခုတလော ဖော်ပြလာတဲ့ ဆောင်းပါးတချို့ ဖတ်မိတော့ သတင်းစာ နောက်ပြန်လှည့်ပြီလားလို့တောင် ထင်လိုက်မိပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ ၂ စောင်လုံးမှာ မော်ကွန်းဆိုသူ ရေးတဲ့ တရားဥပဒေစိုးမိုးရေး (Rule of law ) ဆောင်းပါး ဖော်ပြထားတာ တွေ့ရပါတယ်။ သူ့ဆောင်းပါးထဲမှာ သမ္မတကို ချီးကျုးထားပြီး လွှတ်တော်ကို ဝေဖန်ထားတာ တွေ့ရပါတယ်။ သမ္မတဟာ အမှားကို အမှားမှန်းသိရင် ပြင်ရဲတယ်။ မြစ်ဆုံစီမံကိန်းကိုလည်း ပြည်သူ့ဆန္ဒနဲ့အညီ ရပ်ဆိုင်းထားတယ် စသဖြင့် ချီးမွမ်းခန်းဖွင့်ပါတယ်။ လွှတ်တော်အမတ် ၁ ဦးရဲ့ လွှတ်တော်အထက်မှာ ကောင်းကင်ကြီးပဲ ရှိတယ်ဆိုတဲ့ ပြောစကားကို ထောက်ပြပြီး လွှတ်တော်အထက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်သူပဲ ရှိတယ်လို့ ဆိုထားပါတယ်။ တခါ လွှတ်တော်အမတ် ၁ ဦးကပဲ ရှေ့နေချုပ်တို့၊ တရားသူကြီးချုပ်တို့ကို သမ္မတက ခန့်ထားလို့ သမ္မတဩဇာခံတွေလို့ ပြောတယ်။ တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတက တိုက်ရိုက်ခန့်ပိုင်ခွင့် မရှိဘဲ  ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ပဲ ခန့်ပိုင်ခွင့်ရှိတာဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို သေချာ မလေ့လာဘဲ လူရှေ့သူရှေ့ စကားထွက်မပြောသင့်ဘူးလို့ ဝေဖန်ရေးသားထာပါတယ်။ တခါ မီဒီယာတွေကိုလည်း ဝေဖန်ထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ သတင်းရေးကြရာမှာ တချို့မီဒီယာတွေက လက်ရှိအစိုးရကို စစ်အစိုးရလို့ ရေးသားဖော်ပြနေကြတယ်။ တကယ်တော့ ပြည်ထောင်စုအစိုးရဖြစ်တယ်စသဖြင့် သမ္မတကို ပေါ်တင်ချီးကျုး၊ လွှတ်တော်အမတ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာဖို့ ဆရာလုပ်ပြီးသကာလ တရားဥပဒေစိုးမိုးဖို့ လွှတ်တော်၊ အစိုးရ၊ မီဒီယာနဲ့ ပြည်သူမှာ တာဝန်ရှိတယ်လို့ ဆိုသွားပါတယ်။ ဆောင်းပါးအဆုံးပိုဒ်မှာလည်း တရားဥပဒေစိုးမိုးဖို့ ဥပဒေပြုရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ တရားရေးအဖွဲ့၊ မီဒီယာနဲ့ ပြည်သူတို့မှာ တာဝန်ရှိတယ်လို့ ရေးထားပါတယ်။ ဆိုလိုတာက နိုင်ငံအတွင်း တရားဥပဒေစိုးမိုးဖို့ လွှတ်တော်က ထိပ်ဆုံးမှာ တာဝန်ရှိတယ်လို့ ထပ်တလဲလဲ တင်ပြသွားတာပါပဲ။ VIP တို့ ခရီးသွားနေသည် မော်ကွန်းဆိုသူ ဆောင်းပါးရှင်ရဲ့ လွှတ်တော်ဘက် ခပ်နှိမ်နှိမ်ရေးထားတဲ့ ဆောင်းပါး ဖော်ပြတဲ့နေ့မှာပဲ မြန်မာ့အလင်းသတင်းစာမှာ အစိုးရအဖွဲ့ဝင်ဝန်ကြီးတချို့ကို ဝေဖန်ထားတဲ့ ဆောင်းပါးတို ၁ ပုဒ် ဖော်ပြထားတာလည်း ဖတ်ရပါတယ်။ (လွှတ်တော်ဆောင်းပါးက စာမျက်နှာပြည့် ဖော်ပြထားတာဖြစ်ပြီး အစိုးရကို ဝေဖန်ထားတဲ့ ဆောင်းပါးက စာမျက်နှာ ၃ ပုံ ၁ ပုံလောက်ပဲ ဖော်ပြထားတာ တွေ့ရပါတယ်။ ပြီးတော့ မြန်မာ့အလင်းသတင်းစာ ၁ စောင်မှာပဲ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဟိုဘက်ဒီဘက် မျှမျှတတ ဖော်ပြပါတယ်လို့ မြင်စေချင်ဟန်ရှိပါတယ်။) ကျော်ကျော်လှိုင် (SMART) ဆိုသူ ရေးထားတဲ့ဆောင်းပါးမှာ ဖော်ပြထားတာက စက်တင်ဘာလထဲ ၁ ရက် ရန်ကုန်ကနေ နေပြည်တော်ကို ကိစ္စတခုဖြင့် လေယာဉ်နဲ့ ခရီးထွက်တယ်။ လေယာဉ်က မနက် ၇ နာရီထွက်မယ့်လေယာဉ်ပါ။ ၇ နာရီထိုးပြီး လေယာဉ်ပေါ်လည်း ခရီးသည်စုံပြီးတော့ လေယာဉ်က မထွက်သေးပါ။ မကြာမီ ကား ၁ စီးနဲ့ ဦးဆောင်ညွှန်မှူးဆိုသူတဦး ရောက်လာပါတယ်။ နောက် ဗွီအိုင်ပီတဦးရောက်လာ၊ ဒါလည်း မထွက်သေး၊ အဲ့ဒီနောက် ဒုဝန်ကြီးဆိုသူ ၂ ဦးရောက်လာ၊ ထွက်ပြီထင်တာ မထွက်သေး၊ ဟောနောက်ဆုံး ၀န်ကြီးတဦးနဲ့ တပ်မတော်အရာရှိကြီးတဦး ရောက်လာမှ လေယာဉ်ထွက်ပါသတဲ့။ ၇ နာရီထွက်မယ့်လေယာဉ်က ဗွီအိုင်ပီကို စောင့်နေလိုက်တာ ၇ နာရီ ၃၆ မိနစ်ကျမှ ထွက်ဖြစ်ပါသတဲ့။ ဆောင်းပါးရှင်က သူ့ဆောင်းပါးကို အခွင့်အရေးထက် တာဝန်က ပိုအရေးကြီးပါသည်လို့ အမည်ပေးထားပါတယ်။ အစိုးရတာဝန်ရှိသူတွေဟာ ပြည်သူတွေထက် အခွင့်အရေးပိုမယူဖို့နဲ့ အခွင့်အရေးထက် တာဝန်ကိုပိုယူဖို့ တင်ပြထားတာ ဖြစ်ပါတယ်။ လွှတ်တော်ထဲ ပြောစရာဖြစ်ခဲ့သည် တလောက ၇ ကြိမ်မြောက် လွှတ်တော်မစမီ သမ္မတက သူသဘောမတူတဲ့ ဥပဒေတွေကို သူကတော့ဖြင့် ဘယ်အချက်တွေ၊ ဘယ်လိုပြင်စေချင်တာအစ လွှတ်တော်က မပြင်လို့ သဘောမတူပါဘူးဆိုပြီး နိုင်ငံပိုင်သတင်းစာတွေထဲ ထည့်သွင်းဖော်ပြပါတယ်။ လွှတ်တော်စတော့ သမ္မတဟာ လွှတ်တော်ကို မတင်ပြခင် သတင်းစာထဲက ကြိုတင်ဖော်ပြတာဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး၊ မလုပ်သင့်ဘူးလို့ ထဆွေးနွေးကြပါတယ်။ အခုလည်း မကြာမတင် လွှတ်တော်စဖို့ ရှိပါတယ်။ ဆက်သွယ်ရေးဥပဒေကို သမ္မတက ပြင်ဆင်ချက်တချို့နဲ့ လွှတ်တော်ပြန်ပို့ထားတယ်ဆိုတဲ့ သတင်းထွက်နေပါတယ်။ အရင်တခါလို သတင်းစာထဲ ကြိုထည့်၊ မထည့်ဆိုတာ စောင့်ကြည့်ရပါဦးမယ်။ သတင်းစာတွေ စောင့်ကြည့်ခဲ့ရသလောက်တော့ လွှတ်တော်ကို  နိုင်ငံပိုင်သတင်းစာတွေ တိုက်နေသလားလို့ ထင်စရာတွေ ရှိလာပါတယ်။ ဝေးဝေး မပြောတော့ဘဲ မနေ့တနေ့က သတင်းစာထဲ မော်ကွန်းဆိုသူရေးတဲ့ ဆောင်းပါးကိုပဲ ကြည့်ပါ။ ပြီးခဲ့တဲ့ ၇ ကြိမ်မြောက် လွှတ်တော်ထဲ အမတ် ၁ ဦးက တရားသူကြီးချုပ်တွေကို သမ္မတကခန့်ထားတော့ သမ္မတဩဇာပဲခံမှာပေါ့လို့ ဒီနေ့ လွှတ်တော်ထဲ ထဆွေးနွေး၊ နောက်နေ့ မော်ကွန်း အခုရေးသားဖော်ပြသလို ပြန်လည်ရေးသားတုန့်ပြန်ခဲ့တာ သတိရမိပါတယ်။ သတင်းစာထဲမှာ မဟုတ်ပါဘူး။ အွန်လိုင်းပေါ်မှာပါ။ ရေးပုံး သားပုံ ကြည့်ရတာလည်း သီချင်းတပုဒ်ထဲကလို ဒီမျက်နှာလေးမြင်ဖူးတယ်။ ထားတော့..။ ပြီးခဲ့တဲ့လ သမ္မတရဲ့ ရေဒီယို မိန့်ခွန်းမှာလည်း ပါပါတယ်။ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးတို့ကြား ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပွတ်တိုက်မှုတွေဟာ သဘာဝကျကျ ဖြစ်ပေါ်နေတာ၊ ဒါတွေကို သင်ခန်းစာယူပြီး ရှေဆက်လုပ်စရာရှိတာ လုပ်ရမယ်တဲ့။ ပွတ်တိုက်မှုတွေကနေ မီးပွင့်ထွက်အောင် အစိုးရပိုင်မီဒီယာတွေက လွှတ်တော်ကို  တိုက်ဖို့ သင့်၊ မသင့် ချင့်ချိန်တော်မူကြပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024