လိုက်ပစ်ဇ်နောက်ခံလူ အူပါမီကာနိုကို ခေါ်ယူရန် နီးစပ်နေပြီဟု ဘိုင်ယန်မြူးနစ်အတည်ပြု

လိုက်ပစ်ဇ်နောက်ခံလူ ဒါးယော့အူပါမီကာနိုကို ခေါ်ယူဖို့အတွက် ဆွေးနွေးပွဲတွေမှာ ရလဒ်ကောင်းတွေ ရှိခဲ့တယ်လို့ ဘိုင်ယန်မြူးနစ်အသင်းက အတည်ပြုပါတယ်။
ကစားသမားရဲ့ အေးဂျင့်အဖွဲ့ဟာ ဘိုင်ယန်မြူးနစ် ရုံးခန်းကို စနေနေ့မှာ သွားရောက်ခဲ့တယ်လို့ Bild သတင်းမှာ ဖော်ပြခဲ့ပြီး ဘိုင်ယန်ဘက်ကလည်း အလားအလာကောင်းတွေ အများကြီးပိုင်ဆိုင်ထားတဲ့ နောက်ခံလူနဲ့ပတ်သက်လို့ အမှန်အတိုင်းဝန်ခံခဲ့ပါတယ်။
အသင်းဥက္ကဋ္ဌ ရူမင်နင်းဂစ်က “ဟုတ်ပါတယ်။ ကျနော်တို့ သူ့ကိုခေါ်ဖို့ကြိုးစားသွားမှာပါ။ ဒါပေမဲ့ အဘက်ဘက်အတွက် အဆင်ပြေအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး ကစားသမားဟာ အနည်းဆုံး ဒီရာသီကုန်တဲ့အထိ လိုက်ပစ်ဇ်အသင်းမှာ ဆက်ရှိနေပါမယ်” လို့ ပြောပတယ်။
လီဗာပူး၊ ယူနိုက်တက်နဲ့ ချဲလ်ဆီးအပါအဝင် အူပါမီကာနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းများစွာရှိနေပြီး ဘိုင်ယန်မြူးနစ်က လက်ဦးမှုရရှိအောင်ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။
ကစားသမားရဲ့အေးဂျင့်နဲ့ တွေ့ဆုံရာမှာလည်း ကောင်းမွန်တဲ့ ဆွေးနွေးပွဲ ဖြစ်ခဲ့တယ်လို့ အတည်ပြုပါတယ်။
ဒီနောက်ခံလူကို စိတ်ဝင်စားနေတယ်လို့ ဘိုင်ယန်အားကစားဒါရိုက်တာက ဝန်ခံသွားခဲ့ပြီး ကောင်းမွန်တဲ့ ဆွေးနွေးပွဲတွေရှိခဲ့တာကြောင့် ဘယ်လိုဆက်ဖြစ်မလဲ စောင့်ကြည့်ရမယ်လို့ ပြောပါတယ်။
ရူမင်နင်းဂစ်ရဲ့အဆိုအရ ကစားသမားဟာ လိုက်ပစ်ဇ်မှာ နွေရာသီအထိ ဆက်ရှိမှာဖြစ်ပေမယ့် လက်ရှိဥရောပချန်ပီယံဟာ သူ့ကို ၂၀၂၁-၂၂ ရာသီအတွင်း ခေါ်ယူသွားနိုင်ဖို့ ကြိုးစားလာနိုင်ပါတယ်။
လိုက်ပစ်ဇ်နဲ့အူပါ မီကာနိုတို့ရဲ့ စာချုပ်ဟာ ၂၀၂၃ မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် လိုက်ပစ်ဖ်အနေနဲ့ သူ့ကို လာမယ့်နွေဈေးကွက်မှာ ရောင်းရင်ရောင်း၊ မရောင်းရင် အလွတ်နဲ့ထွက်ခွာခွင့်ပြုရမယ့် အခြေအနေမှာရှိနေပါတယ်။
အသက် ၂၂ နှစ် အရွယ်သာရှိသေးတဲ့ ပြင်သစ်လက်ရွေးစင် အူပါမီကာနိုဟာ အလားအလားကောင်းတွေ အများကြီးရှိတဲ့အခြေအနေကြောင့် လိုက်ပစ်ဇ်အသင်းဘက်က သူ့ကိုအလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်မပေးမှာတော့ သေချာသလောက်ရှိပါတယ်။
လိုက်ပစ်ဇ်အသင်းဟာ အခုချိန်အထိ သူတို့ကစားသမားကို ဆက်ထိန်းထားဖို့ အကောင်း ဆုံးခြေအနေမှာ ရှိနေသေးပေမယ့် သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၃၈ သန်းသာရှိပါတယ်။
လက်ရှိအချိန်အထိ ကစားသမားဟာ လိုက်ပစ်ဇ်အသင်းအတွက် ဘွန်ဒက်လီဂါချန်ပီယံဆု ဆွတ်ခူးနိုင် ရေးကိုသာ အာရုံစိုက်နေပြီး လိုက်ပစ်ဇ်ဟာ လက်ရှိချန်ပီယံဘိုင်ယန်အသင်းကို ၇ မှတ်ဖြတ်ထားနိုင်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့ရဲ့နောက်ခံလူတစ်ဦးဖြစ်တဲ့ ဒေးဗစ်အလာဘာ နွေဈေးကွက်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာဖြစ်တာကြောင့် သူ့နေရာမှာ အစားထိုးဖို့ အူပါမီကာနိုကို ခေါ်ယူလိုနေတာပါ။