Home
ဆောင်းပါး
ကာချုပ်မိန့်ခွန်းအပေါ် လိုရာဆွဲ အဓိပ္ပာယ်ဖွင့်နေဟု တပ်မတော်ပြော
DVB
·
January 30, 2021

တချို့ သတင်းဌာန၊ အဖွဲ့အစည်းတွေဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိန့်ခွန်း အပြည့်အစုံအပေါ် မလေးစားဘဲ လိုရာဆွဲ အဓိပ္ပာယ်ဖွင့်နေပြီး တပ်မတော်အနေနဲ့ ဥပဒေဘောင်ထဲကပဲ ဆောင်ရွက်သွားမယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

တပ်မတော်ဟာ နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်တာနဲ့အညီ အခြေခံဥပဒေကို လေးစားလိုက်နာဖို့ လိုအပ်တာနဲ့ ပတ်သက်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်က သင်တန်းသားအရာရှိကြီးတွေကို ဇန်နဝါရီ ၂၇ ရက်က Video Conferencing နဲ့ တွေ့ဆုံအမှာစကားပြောရာမှာ ထည့်သွင်း ပြောကြားခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်တာပါ။

ဒီလိုမှာကြားရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “တပ်မတော်ဟာ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် အခြေခံဥပဒေကို လေးစားလိုက်နာဖို့ လိုအပ်ကြောင်း၊ ဒါကြောင့် တပ်မတော်သားတွေအနေနဲ့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မကျော်လွန်နဲ့ တည်ဆဲဥပဒေအားလုံးကို လေးစားလိုက်နာရမှာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ Mother Law ဖြစ်ပြီး တပ်မတော်သားတွေအနေနဲ့ လေးစားလိုက်နာဖို့ လိုအပ်တယ်လို့ ပြောကြားလိုကြောင်း၊ ဥပဒေကို မလေးစား၊ မလိုက်နာဘူးဆိုရင် အဲဒီဥပဒေကို အသုံးပြုဖို့ မလိုအပ်တော့တာကြောင့် ဖျက်ပစ်ရမှာဖြစ်ကြောင်း” ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီပြောကြားချက်ပေါ်မူတည်ပြီး တချို့အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေက တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၁၈ ခုနှစ်)ကို ဖျက်သိမ်းလိမ့်မယ်လို့ လိုရာဆွဲပြောဆိုတာ၊ ရေးသားတာတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောကြားချက်ဟာ သင်တန်းသားအရာရှိကြီးတွေကို အခြေခံဥပဒေရဲ့ သဘောသဘာဝကို နားလည် သဘောပေါက်စေဖို့ ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

တပ်မတော်အနေနဲ့ တည်ဆဲအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေဘောင်ထဲကပဲ ဥပဒေနဲ့အညီဆောင်ရွက်သွားမယ်လို့ သဘောထားထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မပြောနိုင်ကြောင်း ပြောဆိုပြီးတဲ့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း အခြေခံ ဥပဒေကို မလေးစား၊ မလိုက်နာဘူးဆိုရင် ဖျက်ပစ်ရမယ်လို့ ပြောဆိုခဲ့တာပါ။

ဒါကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အပါအဝင် နိုင်ငံတကာသံရုံးတွေက မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ကိစ္စတွေအပေါ် ဆွေးနွေးညှိနှိုင်းကြဖို့ သဘောထားထုတ်ပြန်ခဲ့ကြသလို ပြည်တွင်းက ဘာသာရေးအဖွဲ့အစည်းတွေကလည်း ဆွေးနွေးအဖြေရှာကြဖို့ ထုတ်ပြန်တိုက်တွန်းခဲ့ကြတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024