Home
မြန်မာသတင်း
မော်လမြိုင် Smart City ကို ကျပ်သိန်းပေါင်း ၃၅၀၀၀ ကျော် သုံးစွဲမည်
DVB
·
January 30, 2021

မော်လမြိုင်မြို့အား Smart City အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ အခုနှစ်ဘဏ္ဍာရေးနှစ်မှာ မွန်ပြည်နယ် အစိုးရအဖွဲ့က ငွေကျပ်သိန်းပေါင်း ၃၅၀၀၀  ကျော် သုံးစွဲ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ကနဦး ငွေကျပ် သိန်းပေါင်း ၃၅၀၀၀  ကျော် သုံးစွဲဆောင်ရွက်သွားမယ့် မော်လမြိုင်မြို့အား Smart City အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်အပိုင်း (၁) ရဲ့ ဘတ်ဂျက် သုံးစွဲမှုနဲ့ နည်းပညာပိုင်ဆိုင်ရာ ကိစ္စရပ်တွေကို မဖြစ်မနေ စောင့်ကြည့်ဖို့ လိုအပ်နေပါတယ်။ 

ဒီဘဏ္ဍာငွေ သိန်းပေါင်း ၃၅၀၀၀  ကျော်ဟာ မော်လမြိုင်မြို့အား Smart City အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မယ့် လုပ်ငန်းစဉ် အပိုင်း ၁ မှာ သုံးစွဲဆောင်ရွက်ဖို့ စီစဉ်ထားတာပါ။

ဒီလုပ်ငန်းစဉ် အပိုင်း ၁ မှာတော့ စောင့်ကြည့်ကင်မရာ CCTV တပ်ဆင်တာ၊ Main fiber Cable ဆွဲတာ၊ ထိန်းချုပ်ခန်း Control room တည်ဆောက်တာတွေ ပါဝင်ပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းစဉ်ရဲ့ ဘတ်ဂျက် သုံးစွဲမှုနဲ့ နည်းပညာပိုင်ဆိုင်ရာ ကိစ္စရပ်တွေကို မဖြစ်မနေ စောင့်ကြည့်ဖို့ လိုအပ်နေတယ်လို့ မွန်ပြည်နယ် လွှတ်တော် ပြည်သူ့ငွေစာရင်း စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောပါတယ်။

မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ မော်လမြိုင်မြို့အား Smart City အဖြစ် အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ် အပိုင်း ၁ အတွက် သုံးစွဲမယ့် ငွေပမာဏကိုသာ လွှတ်တော်ကို တင်ပြထားပြီး အသေးစိတ်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်ကို တင်ပြထားတာ မရှိသေးပါဘူး။

ဒါကြောင့် ဒီလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး လာမယ့် လွှတ်တော်တွေမှာ မေးခွန်းမေးမြန်းတာ၊ ပြန်လည်စိစစ်တာတွေ လုပ်ဆောင်သွားမယ်လို့ မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။

အခုအခါ မော်လမြိုင်မြို့အား Smart City အဖြစ် အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ် အပိုင်း ၁ အတွက် တင်ဒါခေါ်ယူမှု ပြီးမြောက်သွားပြီးဖြစ်လို့ မကြာမီကာလအတွင်း တင်ဒါ ရွေးချယ်သွားမယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။

တင်ဒါကုမ္ပဏီတွေဟာ မော်လမြိုင်မြို့အား Smart City အဖြစ် ဆောင်ရွက်မယ့် နှစ်အလိုက် လုပ်ငန်းစဉ်အတွက် Master Plan ရေးဆွဲတင်ပြပေးရမယ်လို့ ဆိုပါတယ်။

လက်ရှိမှတော့ မော်လမြိုင် Smart City လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ငွေကြေးသုံးစွဲမှု အပါအဝင် လုပ်ငန်းစဉ် အသေးစိတ် အချက်အလက်တွေကို ပွင့်လင်းမြင်သာစွာ ချပြပေးဖို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေက လိုလားနေကြပါတယ်။ 

ဇော်လွင်ထွဋ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024