ဘင်္ဂလားဒေ့ရှ်အစိုးရက ဒုက္ခသည်များကို ဘာဆန်ချာကျွန်းသို့ ပြောင်းရွှေ့

ဘင်္ဂလားဒေ့ရှ် အစိုးရက နောက်ထပ် မွတ်စလင်ဒုက္ခသည်အုပ်စုတစုကို ဇန်နဝါရီ ၂၉ ရက်မှာ ဘင်္ဂလားပင်လယ်အော်အတွင်းက ဝေးလံလှတဲ့ ဘာဆန်ချာကျွန်းဆီ ပြောင်းရွှေ့လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ နယ်စပ်စခန်းတွေမှာ နေထိုင်တဲ့ ဒုက္ခသည် ၁ သန်းရဲ့ ဆယ်ပုံတစ်ပုံကို ဘာဆန်ချာကျွန်းဆီ ရွှေ့ပြောင်းပေးချင်နေပါတယ်။
ဇန်နဝါရီ ၂၉ ရက်မှာ သင်္ဘော ၅ စီးနဲ့ ဒုက္ခသည် ၁,၇၇၆ ဦးကို သူတို့ရဲ့ပစ္စည်းတွေနဲ့အတူ ပြောင်းရွှေ့ပေးခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်မှာ ထပ်မံပြောင်းရွှေ့ဖို့ ရှိတယ်လို့ သိရပါတယ်။
နှစ်ရက်ပေါင်း ပြောင်းရွှေ့အရေအတွက်က အယောက် ၃,၀၀၀ ကျော်တယ်လို့ ကျွန်းတာဝန်ခံ ဗိုလ်မှူးချုပ် မာမွန်ချောင်ဒရီက ဆိုပါတယ်။
ကျွန်းပေါ်နေထိုင်တဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရ ခွင့်ပြုချက်မရဘဲ ကျွန်းပေါ်ကနေ ထွက်ခွာခွင့်မပြုပါဘူး။ ဒုက္ခသည်တွေကို ဆန္ဒအလျောက် ကျွန်းဆီ ပြောင်းရွှေ့ပေးတယ်လို့ ဘင်္ဂဘားဒေ့ရှ်အစိုးရက ဆိုပေမဲ့ ဒီဇင်ဘာလတုန်းက ပြောင်းရွှေ့ခဲ့တဲ့ ပထမအသုတ် ဒုက္ခသည်တချို့ကတော့ အတင်းအကျပ် ပြောင်းရွှေ့ခံရတယ်လို့ ပြောဆိုကြပါတယ်။
ဒုက္ခသည်တွေ ပြောင်းရွှေ့ရေးနဲ့ပတ်သက်လို့ ကုလဒုက္ခသည်များအေဂျင်စီ အပါအဝင် အကူအညီပေးရေးအဖွဲ့တွေနဲ့ တိုင်တိုင်ပင်ပင်လုပ်ဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ပြစ်တင်ဝေဖန်ခံနေရတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။