Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်က JMC-U ကို ကန်ဒေါ်လာ ၃ သိန်းလှူဒါန်း
DVB
·
January 30, 2021

မြန်မာနိုင်ငံ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ကို တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ ၃ သိန်း လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တွန်းအားပေးဖော်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

လှူဒါန်းငွေပေးအပ်တဲ့ အခမ်းအနားကို ဇန်နဝါရီ ၂၉ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai က JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ထံ လှူဒါန်းငွေ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး သံမှူး Mr. Yang Shouzheng၊ JMC-U အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်တို့ တက်ရောက်ခဲ့ကြပါတယ်။

သံအမတ်ကြီး  Mr. Chen Hai က ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယီရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လှူဒါန်းငွေပေးအပ်ဆိုပြီး ကြေညာခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လက်တွေ့လိုအပ်ချက်အရ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၊ JMC-U နဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးကော်မရှင်ထံ လှူဒါန်းငွေ ပေးအပ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

JMC-U က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစောင့်ကြည့်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေးကဏ္ဍတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပြီး တရုတ်နိုင်ငံအနေနဲ့ JMC အပါအဝင် မြန်မာနိုင်ငံ ဘက်အသီးသီးနဲ့ ချိတ်ဆက်မှုကို ထိန်းသိမ်းထားကာ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်မှုကို တွန်းအားပေး ဖော်ဆောင်သွားမယ်လို့ သံအမတ်ကြီး  Mr. Chen Hai က ပြောကြားခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တရုတ်နိုင်ငံရဲ့ ကူညီမှုကို ကောင်းမွန်စွာအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ငြိမ်းချမ်းမှုဆွေးနွေးရေးလုပ်ငန်းကို ဆက်လက်ဖော်ဆောင်ကာ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တွန်းအားပေးဖော်ဆောင်သွားမယ်လို့ ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024