Home
မြန်မာသတင်း
သူရ ဦးရွှေမန်းနှင့် ထိုင်းဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး
DVB
·
September 24, 2013
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှီနာဝပ်နဲ့ စက်တင်ဘာ လ ၂၃ ရက်နေ့ မနက် ၁၁ နာရီက ထိုင်းအစိုးရအိမ်တော်မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အကျိုးစီးပွားကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ ထိုင်းအစိုးရ၀က်ပ်ဆိုက်ဒ် ဖော်ပြချက်အရ - အဲဒီတွေ့ဆုံမှုမှာ ထိုင်းဝန်ကြီးချုပ်က အိမ်နီးချင်းမိတ်ဆွေ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအစစ တိုးတက်လာတာကို မြင်တွေ့လိုကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ သူရဦးရွေမန်းကလည်း မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် လျှောက်လှမ်းနေပြီး ပြည့်ဝတဲ့ ဒီမိုကရေစီပုံစံ အပြည့်အစုံထိ ပြောင်းလဲဖို့ မလွယ်ကူလှပေမယ့် အခက်အခဲတွေကို ကျော်လွှားသွားမယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခေါင်းဆောင် ၂ ဦးဟာ နယ်စပ်ကုန်သွယ်ရေး  တိုးတက်ကောင်းမွန်လာဖို့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ရေး၊ နယ်စပ်တံခါးပေါက်တွေကို ထာဝရဖွင့်လှစ်နိုင်ရေး၊ နောက်ထပ် တိုးချဲ့ရေးတွေ ဆွေးနွေးပါတယ်။ အဲဒီနောက် ထိုင်း-မြန်မာ ၂ နိုင်ငံ အပြင် အာဆီယံနိုင်ငံရဲ့ အကျိုးစီးပွားအတွက် ထားဝယ်ရေနက်ဆိပ်ကမ်း စီးပွားရေးဇုန် စီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်ရေး  ဆွေးနွေးခဲ့ပါတယ်။ လုပ်ငန်းအတွက် လိုအပ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနဲ့  သောက်သုံးရေ အဆင်ပြေအောင် ဆောင်ရွက်ရေးတွေလည်း ဆွေးနွေးခဲ့ပါတယ်။ သူရဦးရွှေမန်းက ဆက်လက်ပြီး  ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို တရားဝင်အလုပ်သမားအဖြစ် ဆောင်ရွက်ပေးကာ နိုင်ငံသားစိစစ်ရေးကိစ္စ ပူးပေါင်းဆောင်ရွက်မှု၊ အလုပ်သမားအခွင့်အရေးနဲ့အညီ ကာကွယ်စောင့်ရှောက်မှုတွေအတွက် ကျေးဇူးတင်ကြောင်း၊ ထိုင်းနိုင်ငံရဲ့ ဆောက်လုပ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း ကျွမ်းကျင်မှုတွေပေါ် ချီးမွမ်းခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်ကလည်း မြန်မာပြည်သူတွေအတွက် အထက်ပါ လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ သင်တန်းတွေ ပို့ချပေးဖို့ ကျွမ်းကျင်သူတွေ စေလွှတ်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024